ရုရှားစစ်ထောက်လှမ်းရေး ကမ္ဘာတစ်ဝန်း ဆိုက်ဘာတိုက်ခိုက်မှုများပြုလုပ်နေကြောင်း ဗြိတိန်နှင့် သြစတြေးလျစွပ်စွဲ

ရုရှားစစ်ထောက်လှမ်းရေး ကမ္ဘာတစ်ဝန်း ဆိုက်ဘာတိုက်ခိုက်မှုများပြုလုပ်နေကြောင်း ဗြိတိန်နှင့် သြစတြေးလျစွပ်စွဲ

ရုရှားစစ်ထောက်လှမ်းရေးသည် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံရေး၊ စီးပွားရေး၊ မီဒီယာနှင့် အားကစားအဖွဲ့အစည်းများအား ဆိုက်ဘာတိုက်ခိုက်မှုများပြုလုပ်နေကြောင်း ဗြိတိန်နှင့် သြစတြေးလျတို့က အောက်တိုဘာ ၄ ရက်တွင် စွပ်စွဲပြောဆိုလိုက်ပြီဖြစ်သည်။

ရုရှားစစ်ထောက်လှမ်းရေး( ဂျီအာရ်ယူ)၏လက်အောက်ခံများသည် အဆင့်မြင့်အဖွဲ့အစည်းများအား အွန်လိုင်းမှတစ်ဆင့်တိုက်ခိုက်မှုများကို အကြီးအကျယ်ပြုလုပ်နေကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျရမီ ဟန့်က ထုတ်ပြန်ပြောဆိုခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် ယူကရိန်းအပြည်ပြည်ဆိုင်ရာလေဆိပ်၊ ရုရှားမီဒီယာအဖွဲ့အစည်းများအား BadRabbit အဖျက်ဆော့ဝဲဖြင့် တိုက်ခိုက်မှု၊ ဆွစ်ဇာလန်ရှိ ကမ္ဘာ့တားမြစ်ဆေးတိုက်ဖျက်ရေးဌာနကို တိုက်ခိုက်ရန်ကြိုပမ်းခြင်းတို့သည် ရုရှားနှင့်ပတ်သက်မှုရှိခဲ့ကြောင်း ပြောဆိုခဲ့ကြပြီးဖြစ်သည်။

ဂျီအာရ်ယူသည် နိုင်ငံတကာဥပဒေများ၊ တည်ရှိပြီး စံနှုန်းများကို မလိုက်နာဘဲ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ဟန့်ကပြောဆိုခဲ့သည်။ နိုင်ငံတကာတည်ငြိမ်ရေးအတွက် မဟာမိတ်များနှင့်လက်တွဲပြီး ဂျီအာရ်ယူ၏လုပ်ရပ်များကို ဖော်ထုတ်ကာ တုံ့ပြန်သွားမည်ဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။

ဗြိတိန် အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာန( အင်န်စီအက်စ်စီ) သည် ဂျီအာရ်ယူအား ဆိုက်ဘာတိုက်ခိုက်မှုကျူးလွန်သူအဖြစ် သတ်မှတ်ထားကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့သည်။ အွန်လိုင်းနယ်ပယ်တွင် ရုရှားက ဝင်ရောက်စွက်ဖက်ခြင်းကို လုံးဝလက်မခံနိုင်ကြောင်း သြစတြေးလျဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးတို့ကပြောဆိုခဲ့သည်။ ရုရှားစစ်တပ်၊ ၎င်း၏ထောက်လှမ်းရေးအဖွဲ့ ဂျီအာရ်ယူတို့သည် ယုတ်မာသော ဆိုက်ဘာတိုက်ခိုက်မှုများအတွက် တာဝန်ရှိကြောင်း သြစတြေးလျအစိုးရက အောက်တိုဘာ ၄ ရက်တွင် ပြောဆိုခဲ့သည်။

သြစတြေးလျသည် တိုက်ခိုက်မှုများကြောင့် ထိခိုက်နစ်နာခြင်းမရှိသေးသော်လည်း ရုရှား၏အပြုအမူများက နိုင်ငံတကာသဘောတူညီမှုများကို အသိအမှတ်မပြုကြောင်း ပြသနေသည်ဟု ဝန်ကြီးချုပ် စကော့ မောရစ်ဆင်နှင့် နိုင်ငံခြားရေးဝန်ကြီး မာရိုက်စ် ပေးတို့ကပြောဆိုခဲ့သည်။

ဂျီအာရ်ယူမှ ဟက်ကာများသည် ကမ္ဘာတစ်ဝန်းရှိ အဖွဲ့အစည်းများကို ဆိုက်ဘာတိုက်ခိုက်ခဲ့ကြောင်း အမေရိကန်တရားရေးဝန်ကြီးဌာနက ယခင်က ပြစ်တင်ပြောဆိုခဲ့ပြီးဖြစ်သည်။