မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်၏ဇနီး ရို့စ်မာ မန်ဆာသည် ငွေမည်းခဝါချမှု၊ အခွန်ရှောင်မှုများဖြင့် အောက်တိုဘာ ၄ ရက်တွင် တရားစွဲဆိုခံခဲ့ရပြီဖြစ်သည်။
အသက် ၆၆ နှစ်အရွယ် ရို့စ်မာက ငွေမည်းခဝါချမှု၊ အခွန်ရှောင်မှု ၁၇ မှုတို့ဖြင့် တရားစွဲဆိုခံထားရသော်လည်း အပြစ်မရှိကြောင်း ပြောဆိုခဲ့သည်။ ရို့စ်မာသည် အာမခံငွေ ရင်းဂစ် နှစ်သန်း( ဒေါ်လာ ၄၈၀ဝ၀) ဖြင့် လွတ်မြောက်ခွင့်ရရှိထားသော်လည်း နိုင်ငံတကူးလက်မှတ်မှာမူ အသိမ်းခံထားရသည်။ ထို့ပြင် ရို့စ်မာသည မျက်မြင်သက်သေများနှင့် ဆက်သွယ်ခွင့်ပိတ်ပင်ခံထားရသည်။
ရို့စ်မာအပေါ် စွဲဆိုထားသည့် စွဲချက်များကြီးလေးသောကြောင့် အာမခံငွေကို ရင်းဂစ် ၁၀ သန်းအထိထားရှိရန် ဥပဒေအရာရှိများက တောင်းဆိုခဲ့သည်။ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက ရို့စ်မာသည် ကျန်ဘဝတစ်ခုလုံးကို အကျဉ်းထောင်မှာပင် ကုန်ဆုံးရမည်ဖြစ်သည်။
ရို့စ်မာသည် ၎င်းဘက်မှ ပြောဆိုပေးရန် ရည်ရွယ်ချက်ဖြင့် မျက်မြင်သက်သေတစ်ဦးကို ချဉ်းကပ်ခဲ့ကြောင်း ဥပဒေအရာရှိ ဂိုပယ် ဆရီ ရမ်က တရားရုံးတွင်ပြောဆိုခဲ့သည်။ ရို့စ်မာသည် ၂၀၁၃ မှ ၂၀၁၇ ခုနှစ်အထိ ၎င်းနှင့်ပတ်သက်ခဲ့သော ဘဏ်ငွေစာရင်းတစ်ခုထဲသို့ ရင်းဂစ် ခုနစ်သန်းကျော်ကို ထည့်သွင်းခဲ့မှုအပါအဝင် ပြစ်မှု ၁၂ မှု၊ အခွန်ရှောင်မှု ငါးမှုတို့ဖြင့် တရားစွဲဆိုခံထားရသည်။
ရို့စ်မာသည် အောက်တိုဘာ ၃ ရက် အနှောင်းပိုင်းတွင် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးဌာနရုံးချုပ်တွင် ချုပ်နှောင်ခံခဲ့ရပြီး အောက်တိုဘာ ၄ ရက်တွင် လိမ္မော်ရောင်ဝတ်စုံဝတ်ဆင်ပြီး တရားရုံးသို့ရောက်ရှိခဲ့သည်။ ခင်ပွန်းဖြစ်သူ နာဂျစ်သည်လည်း အောက်တိုဘာ ၄ ရက်တွင် တရားရုံး၌ သီးခြားစီ ကြားနာစစ်ဆေးခံခဲ့ရသည်။
အသက် ၆၅ နှစ်အရွယ် နာဂျစ်က ဒေါ်လာသန်းပေါင်းများစွာသည် ၎င်း၏ပုဂ္ဂိုလ်ရေးဘဏ်ငွေစာရင်းများသို့ ရောက်ရှိခဲ့သော်လည်း အပြစ်မရှိကြောင်း ပြောဆိုခဲ့သည်။ နာဂျစ်၏မိသားစုနှင့် အပေါင်းအပါများသည် နိုင်ငံပိုင်ရန်ပံငွေ တစ် အမ်ဒီဘီမှ ဒေါ်လာ ဘီလီယံပေါင်းများစွာကို အလွဲသုံးစားလုပ်ခဲ့ကြောင်း စွပ်စွဲခံထားရသည်။ ရဲတပ်ဖွဲ့ဝင်များက နာဂျစ်နှင့်ပတ်သက်သော နေအိမ်များကို ဝင်ရောက်ရှာဖွေခဲ့ရာ ဒေါ်လာ ၂၆၆ သန်းတန်ဖိုးရှိ တန်ဖိုးကြီးလက်ကိုင်အိတ်များ၊ လက်ဝတ်ရတနာများနှင့် ငွေစက္ကူများကို တွေ့ရှိခဲ့သည်။
လက်ကိုင်အိတ် ၅၆၇ အိတ်၊ နာရီ ၄၂၃ လုံး၊ လည်ဆွဲ ၁၄၀ဝ ခု၊ လက်စွပ် ၂၂၀ ခု၊ နားကပ် ၂၈၀ဝ ခုနှင့် သရဖူ ၁၄ ခုတို့အပါအဝင် လက်ဝတ်ရတနာ ၁၂၀ဝ၀ ခုတို့ကို သိမ်းဆည်းရမိခဲ့သည်။ မိသားစုက လက်ဆောင်ရရှိသည့် ပစ္စည်းများသာဖြစ်ကြောင်း နာဂျစ်ကပြောဆိုခဲ့သည်။
ဝန်ကြီးချုပ်၏ဇနီးတစ်ဦးသည် တန်ဖိုးကြီးလက်ဝတ်ရတနာများနှင့် အခြားလက်ဆောင်များကိုရရှိသည်မှာ မဆန်းလှကြောင်း ရို့စ်မာက ပြောဆိုခဲ့သည်ဟု ၂၀၁၃ ခုနှစ်တွင် ထွက်ရှိခဲ့သည့် အတ္ထုပတ္တိစာအုပ်တွင် ဖော်ပြထားသည်။ ထို့ပြင် ၎င်း၏ သီချင်းအယ်လ်ဘမ်မှလည်း ရင်းဂစ် သန်းပေါင်းများစွာရရှိခဲ့ကြောင်း ရို့စ်မာကပြောဆိုခဲ့သည်။ အယ်လ်ဘမ်ကို အများပြည်သူဝယ်ယူရန် ရောင်းချခဲ့ခြင်းမဟုတ်ဘဲ ၎င်း၏ပရိသတ် အစိုးရဝန်ကြီးများကသာ ဝယ်ယူခဲ့ကြခြင်းဖြစ်သည်။

















