ပရိုတင်းသုတေသနပြုခဲ့သည့် ပညာရှင်သုံးဦး ဓာတုဗေဒဆိုင်ရာနိုဘယ်လ်ဆုရရှိ

ပရိုတင်းသုတေသနပြုခဲ့သည့် ပညာရှင်သုံးဦး ဓာတုဗေဒဆိုင်ရာနိုဘယ်လ်ဆုရရှိ

ဇီဝလောင်စာသစ်မှ ကင်ဆာရောဂါကုသဆေးများအထိ နေရာတကာတွင် အသုံးပြုနိုင်သည့် ပရိုတင်း( အသားဓာတ်) ကို ဆင့်ကဲဖြစ်စဉ်နည်းလမ်းများကို အသုံးချပြီး ထုတ်လုပ်နိုင်ခဲ့သည့် အမေရိကန်သိပ္ပံပညာရှင်များဖြစ်သည့် ဖရန်စစ် အာန်း၊ ဂျော့ဂျ် စမစ်နှင့် ဗြိတိန်သိပ္ပံပညာရှင် ဂရီဂေါ်ရီ ဝင်းတားတို့သည် ဓာတုဗေဒဆိုင်ရာ နိုဘယ်လ်ဆုကို အောက်တိုဘာ ၃ ရက်တွင် ရရှိခဲ့ပြီဖြစ်သည်။

မေရီကျူရီ ဓာတုဗေဒနိုင်ရာ နိုဘယ်လဆုရရှိခဲ့သည့် ၁၉၁၁ ခုနှစ်မှစ၍ အာန်းသည် ဓာတုဗေဒဖြင့် နိုဘယ်လ်ဆုရရှိသော ပဉ္စမမြောက်အမျိုးသမီးဖြစ်သည်။ အာန်းသည် ဆွီဒင်ကရိုနာ ကိုးသန်း( ဒေါ်လာ ၁ ဒသမ ဝ၁ သန်း) အနက်ထက်ဝက်ကိုရရှိမည်ဖြစ်ပြီး စမစ်နှင့် ဝင်းတားတို့သည် ကျန်တစ်ဝက်ကို ခွဲဝေယူရမည်ဖြစ်သည်။

ယခုအချိန်တွင် သိကြသည့် လမ်းညွှန်ပြုပြင် ဆင့်ကဲဖြစ်စဉ်ဆိုသည့် နယ်ပယ်တွင် အသုံးပြုသည့် ပရိုတင်းတစ်မျိုးကို အဆိုပါပညာရှင်သုံးဦးက ဖန်တီးခဲ့ခြင်းဖြစ်သည်။ပညာရှင်များဖော်ထုတ်ခဲ့သည့် နည်းစနစ်ကို ဆေးဝါးသစ်များနှင့် သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေမည့် ဇီဝလောင်စာများ ထုတ်လုပ်ရာတွင် အသုံးပြုနေပြီဖြစ်သည်။ ပါဆာဒီးနား ကဲတက်သို့မဟုတ် ကယ်လီဖိုးနီးယားနည်းပညာတက္ကသိုလ်မှ အာန်းသည် ခန္ဓာကိုယ်တွင်း အစာခြေ၊ ချက်မှုစသည့် လုပ်ငန်းများအတွက် သက်ရှိကလာပ်စည်းတချို့က ထုတ်ပေးသည့် ဓာတ်ပြောင်းအကူဒြပ်သို့မဟုတ် အင်ဇိုင်းကို ထုတ်လုပ်ရန် ဆင့်ကဲဖြစ်စဉ်နည်းများကို ပထမဆုံးအသုံးပြုခဲ့သူဖြစ်သည်။

ဂျော့ဂျ် စမစ်နှင့် ဂရီဂေါ်ရီ ဝင်းတားတို့သည် ရောဂါကာကွယ်သော အန်တီဘော်ဒီ သို့မဟုတ် ပဋိပစ္စည်းသစ်ကို ထုတ်လုပ်ရန် ဘက်တီးရီးယားများကို ကူးစက်သည့် ဗိုင်းရပ်စ်ဖြစ်သော ဘက်တီးရီယိုဖေ့ဂျက်စ်ကို အသုံးပြုခဲ့သည်။ ယင်းနည်းဖြင့် ထုတ်လုပ်သော ပထမဆုံး ပဋိပစ္စည်းဖြစ်သည့် အာဒါလီမူမက်ကို ၂၀ဝ၂ ခုနှစ်တွင် အတည်ပြုခဲ့ပြီး အဆစ်အမြစ်ရောင်ခြင်း၊ အနီအပိမ့်များထည့် အရေပြားရောဂါနှင့် အစာအိမ်ရောဂါများကုသရာတွင် အသုံးပြုခဲ့သည်။

ပညာရှင်သုံးဦးသည် ဆင့်ကဲ့ဖြစ်စဉ်သဘောတရားကို ဖော်ထုတ်ခဲ့သည့် ချားလ်စ်ဒါဝင် ညွှန်ပြခဲ့သည့် နည်းလမ်းများကို စမ်းသပ်ခန်းရှိ ပြွန်များတွင် အသုံးချခဲ့ခြင်းဖြစ်ကြောင်း နိုဘယ်ဆုချီးမြှင့်သည့် ဆွီဒင်အကယ်ဒမီ၏ နိုဘယ်လ်ဓာတုဗေဒကော်မတီဥက္ကဋ္ဌ ကလဲစ် ဂူရှတက်ဇင်ကပြောဆိုခဲ့သည်။