တောင်ကာရိုလိုင်းနားတွင် ပစ်ခတ်မှုကြောင့် ရဲခုနစ်ဦး ဒဏ်ရာရ၊ ပစ်ခတ်သူကို ဖမ်းဆီးထိန်းသိမ်းထား

တောင်ကာရိုလိုင်းနားတွင် ပစ်ခတ်မှုကြောင့် ရဲခုနစ်ဦး ဒဏ်ရာရ၊ ပစ်ခတ်သူကို ဖမ်းဆီးထိန်းသိမ်းထား

အမေရိကန်ပြည်ထောင်စု တောင်ကာရိုလိုင်းနားပြည်နယ်တွင် သေနတ်ကိုင်ထားသူတစ်ဦးက ပစ်ခတ်မှုကြောင့် ရဲဝန်ထမ်း ခုနစ်ဦးထိ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သေနတ်သမားသည် ကလေးများကို ဓားစာခံလုပ်ကာ အိမ်အတွင်းမှ နှစ်နာရီခန့် ခုခံပစ်ခတ်နေပြီးမှ လက်နက်ချခဲ့ကြောင်း သိရသည်။ သေနတ်သမား အမည်ကို တောင်ကာရိုလိုင်းနား ရဲတပ်ဖွဲ့က ထုတ်ပြန်ခြင်း မရှိသေးသလို၊ မည်သည့်အတွက်ကြောင့် ကလေးများကို ဓားစာခံလုပ်ကာ ရဲများကို ပစ်ခတ်ခဲ့ကြောင်းကိုလည်း မသိရသေး။ နှစ်နာရီကြာ မတိုးသာ မဆုတ်သာ အနေအထားဖြင့် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက်တွင်မှ သေနတ်သမား လက်နက်ချကာ ကလေးများကို အနာတရမရှိ ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။ ဖလောရန့်မြို့စွန်ပိုင်းရှိ နေအိမ်တစ်လုံးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သေနတ်သမား ပစ်ခတ်မှုကြောင့် ဒဏ်ရာရသည့် ရဲဝန်ထမ်းများကို ကျည်ကာယာဉ် အသုံးပြုကာ ကယ်ထုတ်ခဲ့ရကြောင်း သိရသည်။ တောင်ကာရိုလိုင်းနားပြည်နယ်တွင် ယခုနှစ် ဇန်နဝါရီလကလည်း အသက် ၄၇ နှစ်အရွယ် ဘဏ်လုပ်ငန်းရှင်ဟောင်းတစ်ဦးသည် လင်မယားချင်း စကားများရာမှ ရဲက ဝင်ရောက်ဖျန်ဖြေရာတွင် ပစ်ခတ်သဖြင့် ရဲတစ်ဦး သေဆုံးခဲ့ရသည်။ ပစ်ခတ်သူ ခရစ်ရှန် မက်ကောကို လွတ်ငြိမ်းခွင့်မရှိ ထောင်ဒဏ်တစ်သက် ချမှတ်ခဲ့သည်။ ဖလောရန့်မြို့သည် လူ ၃၇၀ဝ၀ ဝန်းကျင် နေထိုင်သောမြို့ဖြစ်သည်။

အမေရိကန်နိုင်ငံတွင် တာဝန်ထမ်းဆောင်ရင်း သေဆုံးသည့် ရဲဝန်ထမ်း ၂၃၄၀၈ ဦး ရှိပြီဖြစ်ကာ ယခုနှစ်အတွင်း ၁၁၂ ဦး သေဆုံးခဲ့ပြီဖြစ်ကြောင်း အစိုးရစာရင်းများအရ သိရသည်။ ၂၀၁၇ ခုနှစ်အတွင်း သေနတ်ကိုင် အကြမ်းဖက်မှုများကြောင့် အမေရိကန်တွင် လူ ၁၅၀ဝ၀ ကျော် သေဆုံးခဲ့ကြောင်းလည်း သေနတ်ကိုင်အကြမ်းဖက်မှုမှတ်တမ်း အစီရင်ခံစာအရ သိရသည်။ ထိုစာရင်းတွင် နှစ်စဉ် မိမိကိုယ်ကိုယ် လက်နက်ဖြင့် လုပ်ကြံသတ်ဖြတ်သူ ၂၂၀ဝ၀ အရေအတွက်ကို ထည့်သွင်းထားခြင်း မရှိသေး။