ပါလူး (အင်ဒိုနီးရှား) ” အင်ဒိုနီးရှားနိုင်ငံတွင် ငလျင်လှုပ်ပြီးနောက်ဆူနာမိရေလှိုင်းကြီးများဒဏ်ကြောင့် အကြီးအကျယ်ပျက်စီးမှုကြုံပြီး လေးရက်အကြာတွင် ပါလူးကျွန်း၌ ပျက်စီးနေသော စတိုးဆိုင်များက အစားအစာများကို လုယူမှုများပေါ်ပေါက်ခဲ့သည်။ ကယ်ဆယ်ရေးအဖွဲ့၏ စွမ်းဆောင်မှုကို ပြည်သူလူထုက မကျေမနပ် ဖြစ်နေကြပြီး အင်ဒိုနီးရှားနိုင်ငံသမ္မတထံ အကူအညီပေးရန်တောင်းဆိုခဲ့ကြသည်။ ယခုအချိန်တွင် သေဆုံးသူဦးရေတိုးမြင့်လာပြီး ဒဏ်ရာရရှိသူ ရာပေါင်းများစွာရှိကာ အချို့မှာ အပျက်အစီးများကြားတွင် ပိတ်မိနေဆဲဖြစ်သည်။
လူဦးရေ သုံးသိန်းရှစ်သောင်းခန့် နေထိုင်သော ပါလူးကျွန်းသည် ငလျင်ဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရသော ကျွန်းတစ်ကျွန်း လည်းဖြစ်သည်။ အောက်တိုဘာ ၂ ရက်တွင် ပါလူးမြို့၊ ဒေါင်ဂါလာမြို့၊ ဆီဂီမြို့နှင့် ပါရီဂီမန်တောင် မြို့တို့တွင် သေဆုံးသူ ၁ç၄၀၇ ဦးအထိတိုးလာပြီး အောက်တိုဘာ ၃ ရက် နေ့လယ်ပိုင်းအထိ အလောင်း ၅၁၉ လောင်းမြှုပ်နှံသင်္ဂြိုဟ်ခဲ့ကြောင်း အမျိုးသား ဘေးအန္တရာယ်ကာကွယ်ရေးအေဂျင်စီ ပြောရေးဆိုခွင့်ရှိသူ ဆူတိုပို ပါဝူး နူဂရိုဟိုက ဂျကာတာမြို့တော်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ဆီဂီမြို့နှင့် ဘာလာရိုအာ ဒေသတို့တွင် လူတော်တော်များများ အပျက်အစီးများကြားတွင် ပိတ်မိလျက်ရှိနေကြောင်း သေဆုံးသူဦးရေ ဆက်လက်မြင့်တက် လာနိုင်ဖွယ်ရှိကြောင်း ၎င်းကထည့်သွင်းပြောကြားခဲ့သည်။
လောင်စာဆီ လီတာ ၁၂,ဝ၀ဝ ခန့် တင်ဆောင်လာမည့်လေယာဉ် ဆိုက်ရောက်လာဖွယ်ရှိသည့်အပြင် လုယက်မှုများမဖြစ်စေရန် စားနပ်ရိက္ခာများ တင်ဆောင်လာသော ထရပ်ကားများကို ရဲတပ်ဖွဲ့များကို တာဝန်ပေး၍ ဆောင်ရွက်လျက်ရှိသည်။
ကယ်ဆယ်ရေးအဖွဲ့များက ပါလူးကျွန်းရှိ ငလျင်ဒဏ်သင့် ရှစ်ထပ်မြင့် ဟိုတယ်၊ အဆောက်အအုံများနှင့် နေအိမ် အပျက်အစီးများကြား ပိတ်မိနေသည့် အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေနေဆဲ ဖြစ်သည်။ လူဦးရေ ၆၂,ဝ၀ဝ နီးပါး ၎င်းတို့နေအိမ်များကို စွန့်ခွာခဲ့ရကြောင်း နူဂရိုဟိုက ပြောကြားခဲ့သည်။ စက်တင်ဘာ ၂၈ ရက် ညနေပိုင်း၌ အင်ဒိုနီးရှားနိုင်ငံတွင် ပြင်းအား ၇ ဒသမ ၅ ရှိသည့် ငလျင်လှုပ်ခဲ့ပြီး အမြင့်ပေ ၂၀ ခန့်ရှိသော ဆူနာမီလှိုင်းဒဏ်ကိုလည်း နေရာအနှံ့တွင် ခံစားခဲ့ကြရသည်။
အင်ဒိုနီးရှားသမ္မတ ဝီဒိုဒိုက နိုင်ငံတကာအကူအညီကို လက်ခံထားကြောင်း နူဂရိုဟိုက ပြောကြားခဲ့သည်။ လက်ရှိအချိန်တွင် အလိုအပ်ဆုံးအရာများမှာ မီးစက်များ၊ ဝန်ချီကိရိယာများနှင့် ရွက်ဖျင်တဲများ ဖြစ်ကြောင်း နူဂရိုဟိုက ထည့်သွင်းပြောကြား ခဲ့သည်။ ဥရောပသမဂ္ဂ၊ အမေရိကန်နှင့် တရုတ်နိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၁၀ နိုင်ငံခန့်က ထောက်ပံ့ကူညီခွင့်ပေးရန် ကမ်းလှမ်းထားကြောင်း သိရသည်။
သြစတြေးလျအစိုးရက အင်ဒိုနီးရှားနိုင်ငံ ငလျင်ဒဏ်သင့် ဒုက္ခသည်များအတွက် အမေရိကန်ဒေါ်လာ သုံးသိန်းခြောက်သောင်းခန့် ထောက်ပံ့ခဲ့ပြီးဖြစ်ကြောင်း သြစတြေးလျ ဝန်ကြီးချုပ် စကော့မော်ရစ်ဆန်က အောက်တိုဘာ ၂ ရက်တွင် ပြောကြားခဲ့သည်။ ထို့ပြင် ဒုတိယအကြိမ် ထောက်ပံ့ပေးနိုင်ရေးအတွက် အင်ဒိုနီးရှား အာဏာပိုင်များနှင့် ဆွေးနွေးလျက်ရှိကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
ကနဦး ထောက်ပံ့ကြေး ရန်ပုံငွေများကို အရေးပေါ်အထောက်အပံ့ လိုအပ်ချက်များအတွက် အင်ဒိုနီးရှား ကြက်ခြေနီအဖွဲ့ကို ပေးအပ်ခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံ၏ အောက်ခြေတွင် မီးတောင်များနှင့် ပစိဖိတ်ချိုင့်ဝှမ်းတွင် အက်ကွဲကြောင်းများကြောင့် ငလျင်လှုပ်မှု၊ မီးတောင်ပေါက်ကွဲမှုများနှင့် ဆူနာမီ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။
ယခုနှစ် သြဂုတ်လတွင် လွန်ဘော့ ကျွန်းတွင် လှုပ်ခဲ့သော ငလျင်ဒဏ်ကြောင့် လူ ၅၀၅ ဦး သေဆုံးခဲ့သည်။ အောက်တိုဘာ ၂ ရက်တွင် အင်ဒိုနီးရှား အရှေ့ကျွန်းအနီးတွင် ပြင်းအား အသင့်အတင့်ရှိ ငလျင်နှစ်ကြိမ်လှုပ်ခဲ့ပြီး တံတားတစ်စင်း ပျက်စီးခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံသည် ကျွန်းပေါင်း ၁၇,ဝ၀ဝ ကျော်ခန့်ဖြင့်ဖွဲ့စည်းထားသော နိုင်ငံဖြစ်ပြီး လူဦးရေ သန်း ၂၆၀ ခန့် နေထိုင်လျက်ရှိသည်။ လမ်းပန်းဆက်သွယ်ရေးနှင့် အခြေခံအဆောက်အအုံတို့မှာ ဒေသတော်တော်များများတွင် ချို့ယွင်းနေပြီး ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများက အခက်အခဲဖြင့် ရင်ဆိုင်နေရသည်။
အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ပါလူးကျွန်းသို့ အောက်တိုဘာ၃ ရက်တွင် ဒုတိယအကြိမ်သွားရောက်ခဲ့ပြီး ပြိုကျခဲ့သော ဟိုတယ်အပျက်အစီးထဲတွင် ပိတ်မိနေသော အသက်ရှင်ကျန်ရစ်သူများကို ကယ်ဆယ်ရေးသမားများ ကယ်ဆယ်နေမှုကို လေ့လာခဲ့သည်။ ယခုလက်ရှိတွင် ပါလူးကျွန်းနှင့် ဆူလာဝေဆီကျွန်းရှိ ဒေါင်ဂါလာခရိုင်တွင် လူ ၁,၂၀ဝ ခန့် သေဆုံးခဲ့ကြောင်း အစိုးရက ထုတ်ပြန်ခဲ့သည်။
အောက်တိုဘာ ၃ ရက် နံနက်တွင် ငလျင်ဒဏ်ခံရသောဒေသနှင့် ကီလိုမီတာ ၉၄၀ ဝေးသော ဆူလာဝေဆီကျွန်း မြောက်ပိုင်းပြည် နယ်တွင် မီးတောင်တစ်လုံးပေါက်ကွဲပြီး ပြာမှုန်များကောင်းကင်သို့ မီတာ ၆,ဝ၀ဝ ကျော် ထိုးတက်လာခဲ့သည်။

















