ငါးသိုင်းချောင်းမြို့ လျှပ်စစ်ဓါတ်ကြိုးများပြုပြင်သူ နေ့စားဝန်ထမ်း အမျိုးသား၂ ဦး ဓါတ်လိုက်ခံရပြီး တစ်ဦးသေဆုံးခဲ့ သည်ဆိုမှု အောက်တိုဘာ ၃ ရက်ကဖြစ်ပွားခဲ့သည်။
အောက်တိုဘာလ ၃ ရက် ညနေ ၆ နာရီ အချိန်ခန့်တွင် ငါးသိုင်းချောင်းမြို့ မြို့မရပ်ကွက်တွင် CB Bank အနီး လျှပ်စစ်မီးတိုင်တွင် 11 KV ဗို့အား မီးလိုင်းကြိုးများတပ်ဆင်နေသည့် လျှပ်စစ်နေ့စား လုပ်သားများဖြစ်သူ ဝင်းကိုကိုဦး(၂၇)နှစ်နှင့် အောင်ပု(၂၇)နှစ်တို့ ၂ ဦးသည် လျှပ်စစ်ဓာတ်ကြိုးများ တပ်ဆင်နေစဉ်ဓါတ်လိုက်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
" မီးကြိုးတွေပြင်တဲ့ အချိန်မှာ လျှပ်စစ်မီးလွှတ်လို်ကတဲ့အချိန်နဲ့တိုက်သွားပြီး ဓါတ်တိုင်ပေါ်ရောက် နေတဲ့ နေ့စားဝန်ထမ်း ဓါတ်လိုက်သေဆုံးသွားတယ်။ တစ်ယောက်ကတော့ ဒဏ်ရာရသွား တယ်" ဟု ငါးသိုင်းချောင်းမြို့မရပ်ကွက်နေ ကိုအောင်လေးက ပြောသည်။
သေဆုံးသူအောင်ပုတွင် ယာပေါင်/ဒူးဆစ်/ လက်မောင်း/ လက်ဖျံတို့တွင် မီးလောင်ပေါက်ပြဲ ဒဏ်ရာများရရှိခဲ့ပြီး ဝင်းကိုကိုဦးတွင် ဝဲခြေဖဝါး/ လက်သန်း၊ ယာဆီးခုံမီးလောင်ပေါက်ပြဲဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့သဖြင့် ငါးသိုင်းချောင်း တိုက်နယ် ဆေးရုံသို့ လူမှုကူညီရေးအဖွဲ့ဝင်များက တင်ပို့ခဲ့ရသည်။
အဆိုပါသေဆုံးမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးအရေးယူသွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးကပြောသည်။
သေဆုံးမှုနှင့်ပတ်သက်၍ ငါးသိုင်းချောင်းနယ်မြေရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၅/၂၀၁၈)ဖြင့် ရေးဖွင့်စစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည်။

















