ရန်ကုန်တိုင်းဒေသကြီးအစိုးအဖွဲ့ နှင့် ရွှေလက်ကုမ္ပဏီတို့ ပူးပေါင်းပြီး ကျောင်းကားအစီး ၂၀ဝ ဝယ်ယူရာတွင် ကမ္ဘောဇ ဘဏ်မှ ချေးယူထားသည့် ငွေကျပ် ၅၅၀ဝ သန်းသည် ရွှေလက်ကုမ္ပဏီ ၏ချေးငွေဖြစ်နိုင်ကြောင်း သို့သော်လည်း ဘဏ္ဍာရေးတာဝန်ခံများကိုပြန်လည်မေးမြန်းပြီး လွှတ်တော်၌ တိကျသောအဖြေပြန်လည် ဖြေကြားပေးမည်ဖြစ်ကြောင်းရန်ကုန်တိုင်းဒေသကြီး လျှပ်စစ် ၊ စက်မူလက်မူနှင့်လမ်း ပန်းဆက်သွယ်ရေးဝန်ကြီးဒေါ်နီလာကျော်က အောက်တိုဘာ ၅ ရက်၌ပြောဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးကြပ်၍ ဝယ်ယူထားသည့် ကျောင်းကားအစီး (၂၀ဝ) မှ အရေအတွက် မည်မျှအား ကျောင်းသား / သူများအတွက် ကျောင်းကားအဖြစ်အကျိုးရှိစွာ ဆောင်ရွက်နေပြီး အရေအတွက်မည်မျှအား အသုံးပြုနိုင်ခြင်းမရှိသေးသည်ကို သိရှိလိုပါကြောင်း ၊ အသုံးမပြုဘဲ ထားသည့်ယာဉ်များအား မည်သည့်အချိန်တွင် မည်ကဲ့သို့ အသုံးပြုမည် ၊ မပျက်စီးစေရန် မည်ကဲ့သို့ထိန်းသိမ်းထားမည်ကို သိရှိလိုကြောင်း အောက်တိုဘာ ၅ ရက်ကပြုလုပ်သည့် ဒုတိယ အကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေး၌ ကိုကိုးကျွန်းမြို့နယ် ၊ မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ်ဦးတင်ဝင်း၏ ဆက်စပ်မေးမြန်းမူအပေါ် ဝန်ကြီးက ပြန်လည်ဖြေဆိုခဲ့ခြင်း ဖြစ်သည်။
" လွှတ်တော်ကိုယ်စားလှယ်ကြီး မူလက ကျွန်မတို့ဆီကို ပေးပို့တဲ့မေးခွန်းမှာလည်း ကမ္ဘောဇက ချေးငွေကိစ္စ မပါလာပါဘူး ။ ကျွန်မအနေနဲဖြေကြားမူမှာက ဘဏ္ဍာရေးတာဝန်ခံများကို ကျွန်မအနေနဲ့ သေချာစွာ မေးမြန်းပြီးဖြေကြားမှသာလျှင်လွှတ်တော်ကိုယ်စားလှယ်ကြီးများကို လေးစားသောအားဖြင့် ကျွန်မတို့အနေနဲ့ တိကျပြတ်သားတဲ့အဖြေကို ပေးနိုင်မှာဖြစ်ပါတယ် ။ ရွှေလက်ကုမ္ပဏီက အစိုးရနဲ့ ဆောင်ရွက်တာဖြစ်တဲ့အတွက် ကမ္ဘောဇဘဏ်ချေးငွေဆိုတာလည်း ရွှေလက်ကုမ္ပဏီရဲ့ ချေးငွေဖြစ်နိုင် ကြောင်းနဲ့ သို့သော်လည်း ကျွန်မအနေနဲ့ ဒါကို ကျွန်မတို့ ဘဏ္ဍာရေးတာဝန် ခံများကို မေးမြန်းပြီးမှပဲ တိကျသောအဖြေကို ပေးမှာဖြစ်ပါတယ် ။ လွှတ်တော်ကို လေးစားလို့ ကျွန်မတို့ အနေနဲ့ ထင်ရာကို ဖြေလို့မရပါဘူး " ဟု ဝန်ကြီးက ပြန်လည်ဖြေဆိုသည်။
ဝယ်ယူထားသည့် ကျောင်းကားအစီး ၂၀ဝ မှာ ပညာရေးတက္ကသိုလ်လေ့ကျင့်ရေး အထက်တန်း ကျောင်း ကမာရွတ်တွင် ၂၉ စီး ၊ ပညာရေးကော်လိပ်လေ့ကျင့်ရေးအလယ်တန်းကျောင်း ရန်ကင်းတွင် ၂၇ စီး ၊ အရံဖြင့် ၉ စီး ၊ စုစုပေါင်း ၆၅ စီးဖြင့်ပြေးဆွဲပေးနေကြောင်းလည်းသိရသည်။
"အခုလက်ရှိ ပြေးဆွဲနေသည့် ပုဂ္ဂလိက ကျောင်းကားများဟာ သတ်မှတ်ဧရိယာကို ကျိုးဖောက်နေ ရသလိုဖြစ်နေတဲ့ အတွက် ကျွန်မတို့အနေနဲ့ ပြည်ထောင်စု ဝန်ကြီးဌာန မူဝါဒအတိုင်း ဆောင်ရွက်ရမဲ့ တာဝန်ရှိတဲ့အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က သတ်မှတ်ချက်ဧရိယာ မရှိတဲ့ကျောင်းဖြစ်တဲ့ ကျောင်းနှစ်ကျောင်းကို ပြေးဆွဲပေးနေတာဖြစ်ပါတယ်။ လာမဲ့ စာသင်နှစ်မှာတော့ ကျန်တဲ့ကျောင်းကား တွေကိုပါ အဆိုပါကျောင်းနှစ်ကျောင်းမှာ ပြေးဆွဲသွား မှာဖြစ်ပါတယ် ။ တကယ်တန်းသာ ကျွန်မတို့က သတ်မှတ်ထားတဲ့ဧရိယာကို သတိမပြုဘဲ ပြေးဆွဲမယ်ဆိုရင်တော့ ဒီအစီး ၂၀ဝ ကတကယ်တန်း ပြောရရင် လောက်တောင်မလောက်ပါဘူး ။ ဘာလို့လဲဆိုတော့ ကျောင်းကားလိုအပ်တယ်လို့ ပြောထားတဲ့ကျောင်းက စုစုပေါင်း ၂၁ ကျောင်းရှိပါတယ် ။ ပြည်ထောင်စုဝန်ကြီးဌာနရဲ့ မူဝါဒကို လိုက်နာရတာဖြစ်တဲ့အတွက် လောလောဆယ်ကို အဆိုပါကျောင်းနှစ် ကျောင်းကိုပါပြေးဆွဲပေး နေခြင်းဖြစ်ပါတယ် " ဟု ဝန်ကြီးဒေါ်နီလာကျော်က ပြောဆိုသည်။
ကျောင်းကားများ၏ ကြံ့ခိုင်မူကို တစ်ပတ်တစ်ခါ စစ်ဆေးပေးခြင်း လိုအပ်သည့် စက်ဆီချောဆီများ ထည့်ပေးခြင်း စမ်းသပ်မောင်းနှင်းမူများပြုလုပ်ပေးခြင်း ရေများဆေးကြောပေးခြင်းကို ကိုရီးယား ကုမ္ပဏီက လုပ်ဆောင်ပေး လျက်ရှိကြောင်းလည်း သိရသည်။

















