မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲဝင် မကွေးအသင်းတွင် နှစ်ရှည်လများကစားလာခဲ့သူတစ်ဦးဖြစ်သော နောက်ခံလူကျော်ဇင်လွင်သည် အသင်းနှင့်စာချုပ်သက်တမ်းတိုးရန် ညှိနှိုင်းမှုအဆင်မပြေသဖြင့် နှစ်ဖက်သဘောတူလမ်းခွဲခဲ့ကြောင်း သိရသည်။
ကမ်းလှမ်းခဲ့
နောက်ခံလူကျော်ဇင်လွင်သည် ယခုနှစ်စက်တင်ဘာတွင် အသင်းနှင့်စာချုပ်သက်တမ်းပြည့်ခဲ့ပြီး အသင်းဘက်မှစာချုပ်သက်တမ်းနှစ်နှစ်တိုးရန် ကမ်းလှမ်းခဲ့သော်လည်း ညှိနှိုင်း၍ အဆင်မပြေသဖြင့် လမ်းခွဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ " အသင်းဘက်က လက်ရှိရနေတဲ့လစာအတိုင်း စာချုပ်သက်တမ်းနှစ်နှစ်တိုးဖို့ ကမ်းလှမ်းလာတယ်။ သူတို့ကမ်းလှမ်းလာတဲ့အပေါ်မှုတည်ပြီး ကျွန်တော်ဘက်က ညှိနှိုင်းဆွေးနွေးမှုတွေလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်လိုမှညှိမရလို့ နှစ်ဖက်သဘောတူလမ်းခွဲခဲ့ပါပြီ" ဟု ကျော်ဇင်လွင်က ဖွင့်ဟခဲ့သည်။
စဉ်စားမည်
ဆက်လက်ပြီး ကျော်ဇင်လွင်က လက်ရှိအချိန်တွင် ၎င်း၏အနာဂတ်နှင့်ပတ်သက်၍ စဉ်စားဦးမည်မဟုတ်ဘဲ နေရှင်နယ်လိဂ်အပြောင်းအရွှေ့ဈေးကွက်ဖွင့်မှသာ အပြောင်းအရွှေ့အတွက် စဉ်စားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ နောက်ခံလူကျော်ဇင်လွင်ကို ပြီးခဲ့သည့်ရာသီက နေရှင်နယ်လိဂ်ပြိုင်ပွဲဝင်ကလပ်အသင်းကြီးအချို့မှ ခေါ်ယူရန် ဆက်သွယ်ကမ်းလှမ်းမှုများရှိခဲ့သော်လည်း အပြောင်းအရွှေ့မှာဖြစ်မြောက်လာခဲ့ခြင်းမရှိခဲ့ပေ။
ပံ့ပိုးပေးနိုင်ခဲ့
မကွေးအသင်း၏ ငယ်မွေးခြံပေါက် ကစားသမားဖြစ်သူကျော်ဇင်လွင်သည် ၂၀၁၁ခုနှစ်တွင် မကွေးလူငယ်အသင်းသို့ရောက်ရှိလာခဲ့ပြီး ခြေစွမ်းပြ ကစားနိုင်ခဲ့သဖြင့် ၂၀၁၃ခုနှစ်တွင်အသင်းကြီး၌ ပါဝင်ကစားခွင့်ရခဲ့သည်။ ထို့နောက် ၂၀၁၅ဆီဂိမ်းပြိုင်ပွဲဝင် မြန်မာအသင်း၌ ရွေးချယ်ခံရပြီး မြန်မာအသင်းကို ဒုတိယဆုရရှိအောင် ပံ့ပိုးပေးနိုင်ခဲ့သည်။















