အမေရိကန်၏ တားမြစ်ဆေးတိုက်ဖျက်ရေးဌာနနှင့် ဓာတုလက်နက်စုံစမ်းစစ်ဆေးရေးဌာနကွန်ပြူတာစနစ်များကို ထွင်းဖောက်ရန်ကြိုးပမ်းမှုဖြင့် ရုရှားထောက်လှမ်းရေး ခုနစ်ဦးကို ရာဇဝတ်ကြောင်းဖြင့် တရားစွဲဆိုကြောင်း အမေရိကန်တရားရေးဌာနက ကြေညာခဲ့သည်။ အလားတူ နယ်သာလန်ကလည်း ထောက်လှမ်းရေးကိရိယာများနှင့်အတူ ဖမ်းမိသည့် ရုရှားစစ်ထောက်လှမ်းရေးလေးဦးကို နှင်ထုတ်ခဲ့သည်။
ရုရှားတို့က ယင်းစွပ်စွဲမှုများကို ပယ်ချထားပြီး အနောက်တိုင်း၏ သူလျှိုစိတ္တဇရောဂါဟု ကင်ပွန်းတပ်ခဲ့သည်။ ရုရှားတို့ ပစ်မှတ်ထားဖောက်ထွင်းခဲ့သည့်အထဲတွင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်နှင့် အမေရိကန်နျူကလီးယားစွမ်းအင်ကုမ္ပဏီ တစ်ခုတို့လည်း ပါဝင်ကြောင်း အမေရိကန်တို့က ပြောဆိုခဲ့သည်။
ဗြိတိန်တွင် ရှရှားထောက်လှမ်းရေးဟောင်းအဆိပ်သင့်မှုအပေါ် စုံစမ်းစစ်ဆေးနေသည့် နယ်သာလန်ရှိ နိုင်ငံတကာ နျူကလီးယားလက်နက် ကန့်သတ်တားဆီးရေးအဖွဲ့(အိုပီစီဒဗလျူ)ရုံးချုပ်နှင့် ကပ်လျက်အဆောက်အအုံတွင် ထောက်လှမ်းရေးကိရိယာများနှင့်အတူ တွေ့ရှိခဲ့သည့် ရုရှားစစ်ထောက်လှမ်းရေးလေးဦးကို နှင်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း နယ်သာလန်က ကြေညာခဲ့သည်။
ကနေဒါကလည်း အားကစားကျင့်ဝတ်ဗဟိုဌာနနှင့် မွန်ထရီယယ်အခြေစိုက် ကမ္ဘာ့တားမြစ်ဆေးဆန့်ကျင်ရေး အေဂျင်စီကို ရုရှားထောက်လှမ်းရေးက ထွင်းဖောက်ခဲ့သည်ဟု ယုံကြည်ကြောင်း ပြောဆိုခဲ့သည်။ နယ်သာလန် အာဏာပိုင်တို့က ဧပြီလတွင် ဘရာဇီး၊ ဆွစ်ဇာလန်နှင့် မလေးရှားတို့တွင် အသုံးပြုခဲ့သည့် လက်ပ်တော့ တစ်လုံးကို သိမ်းဆည်းခဲ့မိကြောင်း၊ မလေးရှားတွင် ၂၀၁၄ ခုနှစ်က မလေးရှားလေကြောင်းမှ အမ်အိပ်ချ် ၁၇ လေယာဉ် ပျက်ကျမှုကို စုံစမ်းစစ်ဆေးမှုအပေါ် ရုရှားထောက်လှမ်းရေးများက ပစ်မှတ်ထားထွင်းဖောက်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။
လေယာဉ်ပေါ်ပါသူ ၂၉၈ ဦးစလုံး သေဆုံးခဲ့ရသည့် ယင်းလေယာဉ်ပျက်ကျခဲ့ခြင်းမှာ ယူကရိန်းအရှေ့ပိုင်းတွင် ရုရှား ကျောထောက်နောက်ခံပြုသည့် သူပုန်များက ပစ်ချခဲ့ခြင်းကြောင့်ဖြစ်သည်။

















