ထရမ့်၏တရားသူကြီးလောင်း အပြစ်မရှိဟု ၄င်းဘက်တော်သားများဆို တရားသူကြီးလောင်းကို ကန့်ကွက်ဆန္ဒပြသူသုံးရာကျော် အဖမ်းခံရ

ထရမ့်၏တရားသူကြီးလောင်း အပြစ်မရှိဟု ၄င်းဘက်တော်သားများဆို တရားသူကြီးလောင်းကို ကန့်ကွက်ဆန္ဒပြသူသုံးရာကျော် အဖမ်းခံရ

သမ္မတဒေါ်နယ်ထရမ့်ခန့်အပ်လိုသည့် တရားရုံးချုပ်တရားသူကြီးလောင်း ဘရက်ကာဗာနော့သည် အမျိုးသမီးများကို လိင်မှုစော်ကားခဲ့ကြောင်း စွပ်စွဲခံရသကဲ့သို့ အပြစ်မရှိကြောင်း ၄င်းတို့ဘက်တော်သား ရီပတ်ဘလီကန်များက ကြေညာခဲ့ပြီး ကာဗာနော့အား ကန့်ကွက်ဆန္ဒပြသူ သုံးရာကျော် ဖမ်းဆီးခံခဲ့ရသည်။

ကာဗာနော့အပြစ်မရှိကြောင်း အက်ဖ်ဘီအိုင်အစီရင်ခံစာတစ်ခုအရ ရီပတ်ဘလီကန်တို့က ကြေညာခဲ့သော်လည်း အိမ်ဖြူတော်ကသတ်မှတ်ခဲ့သည့် ငါးရက်တာစုံစမ်းစစ်ဆေးမှုသည် မလုံလောက်ကြောင်း ဒီမိုကရက်များက ပြောဆိုခဲ့သည်။

ဒီမိုကရက်များက ကန့်ကွက်ရန် အင်အားစုစည်းနေကြသော်လည်း ရီပတ်ဘလီကန်ကြီးစိုးသည့် အထက်လွှတ်တော် တရားရေးကော်မတီက တစ်သက်တာ တာဝန်ထမ်းဆောင်ခွင့်ရှိသည့် တရားရုံးချုပ်တရားသူကြီးလစ်လပ်တစ်နေရာအတွက် အသက် ၅၃ နှစ်ရွယ် ရှေးရိုးစွဲဝါဒီ ကာဗာနော့အားခန့်အပ်ရန် အတည်ပြုထားပြီး အထက်လွှတ်တော်တစ်ရပ်လုံးတွင်လည်း အောက်တိုဘာ ၅ ရက်၌ မဲခွဲအနိုင်ယူရန် မျှော်လင့်ထားသည်။

ကာဗာနော့က ၄င်းသည် စည်းဝါးရိုက်နိုင်ငံရေးတိုက်ကွက်ဖြင့် အတိုက်ခံရခြင်းဟု ပြောဆိုခဲ့သည်။ အောက်တိုဘာ ၄ ရက်က ဝါရှင်တန်တွင် ကာဗာနော့၏ထွက်ဆိုချက်ကို ကြားနာနေစဉ် ၄င်းအားဆန့်ကျင်သည့် အမျိုးသမီးအများစုဖြစ်သည့် ထောင်ချီသော ဆန္ဒပြသူများ ချီတက်ဆန္ဒပြခဲ့ကြသည် အထက်လွှတ်တော်ရုံးအပြင်ဘက်တွင် ထိုင်သပိတ်မှောက်ခဲ့ကြပြီး ထိုနေရာမှထွက်ခွာရန်ငြင်းဆန်သူ ဟာသသရုပ်ဆေင် အေမီရှူးမားနှင့် မော်ဒယ် အဲမီလီ ရာတာ့ဂျ်ကိုးစကီးတို့အပါအဝင် ၃၀၂ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ နယူးယောက်ရှိ ထရမ့်တာဝါရှေ့တွင်လည်း ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။

အက်ဖ်ဘီအိုင်သည် ကာဗာနော့ လိင်မှုစော်ကားခဲ့ကြောင်း ပထမဆုံးစွပ်စွဲသူ ခရစ္စတင်းဘလာဆေဖို့ဒ်အမှုနှင့် ပတ်သက်၍ သက်သေငါးဦးကိုတွေ့ဆုံမေးမြန်းခဲ့ပြီး ကာဗာနော့တွင် အပြစ်မရှိဟု အစီရင်ခံခဲ့သည်။ အခြားစွပ်စွဲသူ ဒီဘိုရာ ရာမီရက်ဇ်အမှုနှင့်ပတ်သက်၍လည်း သက်သေလေးဦးကို အက်ဖ်ဘီအိုင်က မေးမြန်းခဲ့ကြောင်း၊ မှားယွင်းသည့်အပြုအမူ ရှိခဲ့ကြောင်း သဲလွန်စမတွေ့ခဲ့ရဟု သိရကြောင်း အထက်လွှတ်တော်တရားရေးကော်မတီဥက္ကဌ ချပ်ဂရာစလေက ထုတ်ပြန်ခဲ့သည်။