နိုင်ငံတကာအင်န်ဂျီအိုအချို့ကို ပါကစ္စတန် နှင်ထုတ်

နိုင်ငံတကာအင်န်ဂျီအိုအချို့ကို ပါကစ္စတန် နှင်ထုတ်

နိုင်ငံတကာပရဟိတအဖွဲ့အစည်းအချို့ကိုလုပ်ငန်းများ ရုပ်သိမ်းကာ နိုင်ငံမှ ရက် ၆၀ အတွင်းထွက်သွားရန် ပါကစ္စတန် အစိုးရကအမိန့်ထုတ်ပြန်လိုက်သည်။

ယခုလို နိုင်ငံတကာအင်န်ဂျီအိုပရဟိတအဖွဲ့များကို နှင်ထုတ်ခြင်းသည် ပါကစ္စတန်တွင် အရပ်ဘက်အဖွဲ့အစည်းများအပေါ် ဖိနှိပ်သထက် ဖိနှိပ်လာနေသည့် စိုးရိမ်စရာအနေအထားကိုမီးမောင်းထိုးပြနေခြင်းဖြစ်ကြောင်း နှင်ထုတ်ခံရသည့် အဖွဲ့များထဲ၌ ပါဝင်သည့် ActionAid အဖွဲ့ကပြောသည်။ ထိုကိစ္စနှင့် စပ်လျဉ်း၍ ပါကစ္စတန် ပြည်ထဲရေးဝန်ကြီးဌာနကမူမှတ်ချက်ပေးခြင်းမရှိသေးပေ။

ActionAidသို့ ပါကစ္စတန်  အစိုးရကပေးပို့သောအကြောင်းကြားစာတွင် ခြောက်လအတွင်းမှတ်ပုံတင် ပြန်လည်လျှောက်ထားနိုင်သည်ဟုပါရှိသည်။ စုစုပေါင်းအင်န်ဂျီအို ၁၈ ဖွဲ့ နှင်ထုတ်ခံရကြောင်းသိရသည်။ ပါကစ္စတန်တွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်များနည်းပါးသထက် နည်းပါးလာနေသည်ဟုလူ့အခွင့်အရေးလှုပ်ရှားသူများ၊ သတင်းလွတ်လပ်ခွင့် လှုပ်ရှားသူများကစိုးရိမ်စကားပြောကြားလာနေချိန်တွင် ယခုလိုအင်န်ဂျီအိုများ နှင်ထုတ်ခံရမှု ဖြစ်ပွားခြင်းဖြစ်သည်။

၂၀၁၁ ခုနှစ်ကပါကစ္စတန်နိုင်ငံအတွင်းအိုစမာဘင်လာဒင် ပုန်းအောင်းနေသည့်နေရာကိုဖော်ထုတ်ရန်အတွက် အမေရိကန်စီအိုင်အေကကာကွယ်ဆေးထိုးနှံရေးအစီအစဉ်တုတစ်ခုဖန်တီးလှုပ်ရှားခဲ့မှု ပေါ်ပေါက်လာပြီးနောက်ပိုင်းကစတင်ကာပါကစ္စတန် ထောက်လှမ်းရေးအဖွဲ့သည် နိုင်ငံတကာအင်န်ဂျီအိုပရဟိတအဖွဲ့အစည်းများအပေါ် သံသယကြီးစွာစောင့်ကြည့်ခဲ့ခြင်းဖြစ်သည်။ Save the Children အဖွဲ့သည် စီအိုင်အေနှင့် ပူးပေါင်းကြံစည်ခဲ့သည်ဟုပါကစ္စတန် အာဏာပိုင်များကစွပ်စွဲခဲ့ပြီးအဖွဲ့က ငြင်းဆိုခဲ့သည်။