ကမ္ဘာတစ်ဝန်းရှိ ကမ်းရိုးတန်းများတွင်တည်ရှိသော မြို့များ၌ ရေကြီးရေလျှံမှုလျှော့ချရေးအတွက် အစိုးရများသည် ရင်းနှီးမြှုပ်နှံမှုကြီးများကို ပြုလုပ်ရန်လိုအပ်နေပြီး အထူးသဖြင့် မြို့ကြီးရှစ်မြို့သည် ရေကြီးရေလျှံမှုဒဏ် အများဆုံးခံရနိုင်ခြေရှိနေကြောင်း ဗြိတိန်နိုင်ငံ လန်ဒန်မြို့အခြေစိုက် Christian Aid ပရိဟတအဖွဲ့က အောက်တိုဘာ ၄ ရက်တွင် ပြောဆိုခဲ့သည်။
ဂျကာတာ၊ ဘန်ကောက်၊ ဟူစတန်နှင့် ရှန်ဟိုင်းတို့ကဲ့သို့ မြို့များသည် မြို့ပြစီမံခန့်ခွဲမှုစနစ်အားနည်းခြင်း၊ မုန်တိုင်းကြီးမားတိုက်ခတ်ခြင်းနှင့် ရေလှိုင်းကြီးတို့ကြောင့် ထိခိုက်ဆုံးရှုံးမှုများရှိနေပြီဖြစ်သည်။ ဂျကာတာသည် တစ်နှစ်လျှင် ၂၅ စင်တီမီတာ( ဝ ဒသမ ၈ ပေ) နှုန်းမြင့် နစ်မြုပ်နေသည်။ Christian Aid သည် ကမ္ဘာတစ်ဝန်းရှိ ကမ်းရိုးတန်းမြို့ကြီးရှစ်မြို့ကို လေ့လာခဲ့ခြင်းဖြစ်သည်။
ရာသီဥတုပြောင်းလဲမှု၏ ဆိုးကျိုးများကို ကမ္ဘာတစ်ဝန်းတွင် ခံစားရမည်ဖြစ်ပြီး ယခုနှစ်နွေရာသီတွင် ကမ္ဘာ့မြောက်ဘက်ခြမ်းသည် အင်မတန်ပူပြင်းသည့် ရာသီဥတုနှင့်ကြုံတွေ့ခဲ့ရကြောင်း Christian Aid ၏ကမ္ဘာလုံးဆိုင်ရာရာသီဥတုရေးရာဌာနအကြီးအကဲ ကတ် ကရာမာကပြောဆိုခဲ့သည်။
ကမ္ဘာတစ်ဝန်းရှိ မြို့ကြီးများသည် ရာသီဥတုပြောင်းလဲမှုဒဏ်ကို ခံနေရသောကြောင့် ယင်းမြို့များ ပြင်းထန်ဆိုးရွားသော ရာသီဥတုဒဏ်ကိုခံနိုင်ပြီး ပြန်လည်ထူထောင်ရေးလုပ်ဆောင်နိုင်ရန် ဝိုင်းဝန်းလုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း ပရဟိတအဖွဲ့ကပြောဆိုခဲ့သည်။ ကမ္ဘာလုံးဆိုင်ရာ အပူချိန်မြင့်တက်မှုကိုကန့်သတ်ရေးအတွက် ပိုမိုအားထုတ်ကြိုးပမ်းရန် အစိုးရများအား တိုက်တွန်းထားသည့် အစီရင်ခံစာတစ်စောင်ကိုလည်း ကုလသမဂ္ဂက လာမည့်အပတ်တွင် ထုတ်ပြန်မည်ဖြစ်သည်။
စက်မှုမဖွံ့ဖြိုးမီက ရှိခဲ့သည့် အပူချိန်ထက် ၁ ဒသမ ၅ ဒီဂရီဆဲစီးယပ်စ် ပိုမိုပူပြင်းသည့် ကမ္ဘာလုံးဆိုင်ရာအပူချိန်၏အကျိုးသက်ရောက်မှုကို ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာအစိုးရများအထူးအဖွဲ့က စစ်ဆေးမည်ဖြစ်သည်။ ယခုရာစုနှစ်အကုန်တွင် ကမ္ဘာလုံးဆိုင်ရာအပူချိန်ကို ၂ ဒီဂရီဆဲစီးယပ်စ်အောက် ထားရှိနိုင်ရေး လုပ်ဆောင်ရန် ၂၀၁၅ ခုနှစ် ပါရီရာသီဥတုညီလာခံ၌ သဘောတူညီခဲ့ကြသည်။
၂ ဒီဂရီဆဲစီးယပ်စ်အထိ အပူချိန်တိုးမြင့်လာခြင်းကြောင့် ကမ္ဘာ့ပင်လယ်ရေမျက်နှာပြင်သည် မီတာဝက်ခန့်မြင့်တက်လာနိုင်သောကြောင့် ကမ်းရိုးတန်းမြို့များသည် ရေကြီးရေလျှံမှုနှင့် လှိုင်းလုံးများဒဏ်ကို ပိုမိုခံစားရမည်ဖြစ်သည်။ စုစုပေါင်းလူဦးရေ သန်း ၁၀ဝ ရှိသော ဂျကာတာ၊ ဗန်ကောက်၊ လာဂို့စ်၊ မနီလာ၊ ဒါကာ၊ ရှန်ဟိုင်း၊ ဟူစတန်နှင့် လန်ဒန်တို့သည် ရေကြီးရေလျှံမှုဒဏ်ကို အများဆုံးခံရမည်ဖြစ်ကြောင်း လေ့လာမှုတွင်ဖော်ပြထားသည်။ မြို့များ နစ်မြုပ်လာရသည့်အကြောင်းကိုလည်း ပရဟိတအဖွဲ့က အဓိကထားဖော်ပြခဲ့သည်။
လူဦးရေ ၁၀ သန်းရှိသော ဂျာကာတာတွင် မြစ် ၁၃ စင်းစီးဆင်းနေပြီး လူဦးရေထက်ဝက်ခန့်သည် ပိုက်ဖြင့်ပေးပို့သည့် ရေကို ရရှိခြင်းမရှိသေးဘဲ မြေအောက်ရေရရှိရန် အဝီစိတွင်းများကို တရားမဝင်တူးဖော်နေကြသည်။ မြို့ရှိ နေရာအတော်များများသည် ကတ္တရာနှင့် ကွန်ကရစ်များဖြင့်သာ ဖုံးလွှမ်းထားသောကြောင့် ရွာသွန်းသည့် မိုးရေများသည် မြေထဲသို့ ပြန်လည်စိမ့်ဝင်နိုင်ခြင်းမရှိချေ။
လန်ဒန်ရှိ တိမ်းစ်မြစ်ကြောင်းတစ်လျှောက်ကာရံထားသည့် အတားအဆီးများကြောင့် ထိခိုက်ပျက်စီးမှုနည်းပါးသွားနိုင်သော်လည်း အစိုးရများအနေဖြင့် သဘာဝ၏ ကိုယ်ပိုင်အတားအဆီးများကိုသာ ဆက်လက်ထိန်းသိမ်းရန်လိုအပ်ကြောင်း ကရာမာကပြောဆိုခဲ့သည်။ ၂၀ဝ၄ ခုနှစ် အာရှဆူနာမီတွင် လမုပင်များရှိနေသည့် နေရာများသည် မုန်တိုင်းနှင့် ရေကြီးရေလျှံမှုဒဏ်ကို ခံနိုင်ရည်ရှိခဲ့သည်ကို သတိရသင့်ကြောင်း ၎င်းကပြောသည်။

















