တောင်ကိုရီးယားသမ္မတဟောင်းလီမြောင်ဘတ် အကျင့်ပျက်ခြစားမှုများဖြင့်ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံရ

တောင်ကိုရီးယားသမ္မတဟောင်းလီမြောင်ဘတ် အကျင့်ပျက်ခြစားမှုများဖြင့်ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံရ

တောင်ကိုရီးယားသမ္မတဟောင်းလီမြောင်ဘတ်ကိုအကျင့်ပျက်ခြစားမှု စွဲချက်အများအပြားဖြင့် တရားရုံးကထောင်ဒဏ် ၁၅ နှစ်ထိချမှတ်လိုက်ကြောင်းသိရသည်။

လာဘ်ပေးလာဘ်ယူမှု၊ လုပ်ပိုင်ခွင့် အလွဲသုံးစားမှု အပါအဝင် စွဲချက်အများအပြားဖြင့် အောက်တိုဘာ ၅ ရက်တွင် ဆိုးလ်မြို့ ဗဟိုတရားရုံးကသမ္မတဟောင်းလီကိုစီရင်ချက် ချမှတ်လိုက်ခြင်း ဖြစ်သည်။ထောင်ဒဏ်အပြင် ငွေဒဏ် ဝမ် ၁၃ ဘီလီယံ (ဒေါ်လာ ၁၁ ဒသမ ၅ သန်း) ပေးဆောင်ရန်လည်းတရားရုံးကအမိန့်ချမှတ်ထားသည်။သမ္မတဟောင်းလီကမူစွဲချက် အများအပြားကို ငြင်းဆိုထားသည်။ စီရင်ချက်အတွက် အယူခံဝင်ရန် သီတင်းပတ် တစ်ပတ် အချိန်ရမည်ဖြစ်သည်။

မစ္စတာလီသည် ၂၀ဝ၈ မှ  ၂၀၁၃ခုနှစ်အတွင်းတောင်ကိုရီးယားနိုင်ငံသမ္မတအဖြစ် ထမ်းဆောင်ခဲ့သည်။ ယခုနှစ် မတ်လတွင် ဖမ်းဆီးခံရပြီးနောက် ဆိုးလ်မြို့ရှိထိန်းသိမ်းရေးစခန်းတွင် နေထိုင်ခဲ့ရသည်။ စွဲချက်များသည် နိုင်ငံရေးအရအကွက်ချ လုပ်ကြံခြင်းသာ ဖြစ်သည်ဟုသမ္မတဟောင်းလီကတုံ့ပြန်ချေပထားသည်။ တောင်ကိုရီးယားသမ္မတဟောင်းများထဲတွင် မစ္စတာလီသည် ထောင်ဒဏ်ချမှတ်ခံရသည့် စတုတ္ထမြောက် သမ္မတဟောင်းလည်း ဖြစ်သည်။

သမ္မတဟောင်းလီထောင်ဒဏ်ချမှတ်ခံရခြင်းသည် တောင်ကိုရီးယားကွန်ဆာဗေးတစ် နိုင်ငံရေးအသိုင်းအဝိုင်းအတွက် ထိုးနှက်ချက်ကြီးလည်း ဖြစ်ခဲ့သည်။ မစ္စတာလီနောက်တွင် သမ္မတ ဖြစ်လာသည့် ပါ့ခ်ကွမ်ဟဲသည်လည်းအခြားသောလာဘ်ပေးလာဘ်ယူမှု စွဲချက်များဖြင့် ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံထားရသည်။