တရုတ်သည် အမေရိကန်ဒီမိုကရေစီစနစ်ကို ဝင်ရောက်စွက်ဖက်နေကြောင်း အမေရိကန်ဒုတိယသမ္မတမိုက်ခ်ပန့်စ်က အောက်တိုဘာ ၄ ရက်တွင် စွပ်စွဲပြောဆိုလိုက်သည်။
နိုဝင်ဘာ ၆ ရက်တွင် ကျင်းပမည့် ကွန်ဂရက်စ်ရွေးကောက်ပွဲများမတိုင်မီတွင် တရုတ်သည် အမေရိကန်ပြည်သူများ၏အမြင်များကို လွှမ်းမိုးနိုင်ရန် ယခင်ကနှင့်မတူ ပိုမိုအားထုတ်ကြိုးပမ်းနေကြောင်း ပန့်စ်က စွပ်စွဲပြောဆိုခဲ့သည်။
"ပြတ်ပြတ်သားသားပြောရမယ်ဆိုရင် သမ္မတထရမ့်ရဲ့ခေါင်းဆောင်မှုက အလုပ်ဖြစ်နေတယ်၊ တရုတ်က ကွဲပြားတဲ့ အမေရိကန်သမ္မတတစ်ဦးကိုလိုချင်နေတာ၊ တရုတ်က အမေရိကန်ဒီမိုကရေစီစနစ်ကို ဝင်ရောက်စွက်ဖက်နေတာကို သံသယရှိစရာမလိုဘူး:ဟု ပန့်စ်က ဝါရှင်တန်ရှိ ပညာရှင်အဖွဲ့တစ်ဖွဲ့ဖြစ်သည့် ဟတ်ဆန်အင်စတီကျု၌ ပြောဆိုခဲ့သည်။
သို့သော် ပန့်စ်၏ စွပ်စွဲချက်များသည် ရယ်စရာလည်းကောင်း၊ အခြေအမြစ်လည်းမရှိသလို နာမည်ဖျက်ရာလည်းကျနေကြောင်း တရုတ်က အောက်တိုဘာ ၅ ရက်တွင် တုံ့ပြန်ပြောဆိုခဲ့သည်။ ပန့်စ်က မိန့်ခွန်းမပြောဆိုမီတွင် အမေရိကန်တရားရေးဝန်ကြီးဌာနသည် ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်စွက်ဖက်မှုဖြင့် ရုရှားထောက်လှမ်းရေးအရာရှိခုနစ်ဦးကို စွပ်စွဲခဲ့သည်။ သို့သော် ရုရှား၏ဝင်ရောက်စွက်ဖက်မှုသည် တရုတ်၏လုပ်ဆောင်မှုနှင့်နှိုင်းယှဉ်လျှင် မပြောပလောက်ကြောင်း ပန့်စ်က ပြောဆိုခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပီယိုသည် မြောက်ကိုရီးယား၏နျူစီမံကိန်းဖျက်သိမ်းရေးနှင့်ပတ်သက်ပြီး ဆွေးနွေးရန် တရုတ်သို့ မသွားရောက်မီ ရက်ပိုင်းအလိုတွင် ပန့်စ်က အထက်ပါအတိုင်းပြောဆိုခဲ့ခြင်းဖြစ်သည်။ အမေရိကန်က တရုတ်အပေါ် ပြင်းပြင်းထန်ထန်ဝေဖန်နေချိန်တွင် တရုတ်ဘက်မှ လေသံပြင်းထန်လာခြင်းမရှိခဲ့ချေ။ အမေရိကန်နှင့် ယှဉ်ပြိုင်သည်ထက် ပူးပေါင်းဆောင်ရွက်ရန် ပိုမိုလိုအပ်နေကြောင်း အမေရိကန်ဆိုင်ရာ တရုတ်သံအမတ်ကြီး ခွာတီယန်ခိုင်က ပြောဆိုခဲ့သည်။

















