တရုတ် အကျဉ်းသားနှစ်ဦး ထောင်ဖောက်ပြေး

တရုတ် အကျဉ်းသားနှစ်ဦး ထောင်ဖောက်ပြေး

တရုတ်နိုင်ငံတွင် ထောင်ဖောက်ပြေးမှုအဖြစ်နည်းသလို မီဒီယာများတွင် ဖော်ပြခြင်းမျိုးလည်း နည်းပါးသည့်တိုင် ပြီးခဲ့သည့်ရက်ပိုင်းက လောင်နင်းပြည်နယ်အကျဉ်းထောင်မှ အကျဉ်းသားနှစ်ဦးဖောက်ပြေးခြင်းကိစ္စနိုင်ငံပိုင်မီဒီယာများတွင် ပါရှိလာရုံသာမကထိုနှစ်ဦးကိုဖမ်းဆီးနိုင်ရေးအများပြည်သူကကူညီရန်လည်းဆုကြေးငွေများထုတ်ထားကြောင်းသိရသည်။

ထိုနှစ်ဦးကိုဖမ်းမိအောင် သတင်းပေးနိုင်သူအားယွမ် တစ်သိန်း (၁၄၅၅၈ ဒေါ်လာ) ဆုချမည်ဟုတရုတ်အာဏာပိုင်များကကြေညာထားသည်။ ထိုနှစ်ဦးသည် တရုတ်နိုင်ငံအရှေ့မြောက်ပိုင်းရှိလောင်နင်းပြည်နယ်အတွင်း၌သာရှိလိမ့်ဦးမည်ဟုအာဏာပိုင်များကယုံကြည်ထားသည်။

နှစ်ဦးလုံးသည် ထောင်ဒဏ် တစ်သက်တစ်ကျွန်းကျခံထားရသူများဖြစ်သည်။ တရုတ်မီဒီယာများသည် ပုံမှန်အားဖြင့် အများပြည်သူအထိတ်တလန့်ဖြစ်စေမည့် ကိစ္စရပ်များကိုထည့်သွင်းဖော်ပြခြင်းမျိုးရှားပါးသည်။

ယခုလိုကိစ္စမျိုးကိုလည်း အကျဉ်းသားများ ပြန်ဖမ်းမိကာ၊  ပြဿနာကိုဖြေရှင်းပြီးချိန်တွင်မှသာဖော်ပြခဲ့ဖူးသော်လည်းယခုအကြိမ်သည်ကားရှားရှားပါးပါးဖော်ပြမှုဖြစ်သည်။

ထောက်ဖောက်ပြေးသူနှစ်ဦးသည် အသက်  ၃၃ နှစ်အရွယ် ဝမ်လိုင်နှင့် အသက် ၃၀ အရွယ် ကျန် ဂူလင်တို့ဖြစ်သည်။ လောင်နင်းပြည်နယ်ရှိလင်ယန်းတတိယအကျဉ်းထောင်တွင် ထိန်းသိမ်းထားစဉ် ဖောက်ပြေးခဲ့ကြခြင်းဖြစ်သည်။

ဝမ်လိုင်သည် ပြန်ပေးဆွဲမှုဖြင့် ၂၀၁၇ တွင် သေဒဏ်ကျခံခဲ့ရပြီးနောက်၌ သေဒဏ်ကို နှစ်နှစ်ဆိုင်းငံ့ခဲ့ကာထောင်တွင်းအပြုအမူကောင်းမွန်မှုဖြင့် တစ်သက်တစ်ကျွန်းသို့ လျှော့ချခံခဲ့ရခြင်းဖြစ်သည်။ အသက် ၃၀ နှစ်အရွယ် ကျန် ဂူလင်သည် ဓားပြမှုဖြင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်းကျခံနေရသူဖြစ်သည်။