ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ကွန်ဂိုသားနှင့်  အီရတ်နိုင်ငံသူတို့ဆွတ်ခူး

ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ကွန်ဂိုသားနှင့်  အီရတ်နိုင်ငံသူတို့ဆွတ်ခူး

နော်ဝေရှိ နိုဘယ်လ်ဆုရွေးချယ်ရေးကော်မတီသည် ၂၀၁၈ ခုနှစ် အတွက် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုကို လိင်မှုအကြမ်းဖက်ခြင်းအား စစ်ပွဲ နှင့် လက်နက်ကိုင်ပဋိပက္ခများတွင် စစ်လက်နက်သဖွယ်အသုံးပြုခြင်း ဆန့်ကျင်သူနှစ်ဦးတို့အား ရွေးချယ်လိုက်သည်။

ကွန်ဂိုဆရာဝန် ဒဲနစ်မတ်ကွိဂျ်နှင့် အီရတ်မှ လူ့အခွင့်အရေးလှုပ်ရှားသူ နာဒီယာမူရက်ဒ်တို့ကို ငြိမ်းချမ်းရေး နိုဘယ်လ်ဆုချီးမြှင့်ရန် ရွေးချယ်ခဲ့ ခြင်းဖြစ်သည်။ ခန္ဓာဗေဒ အထူးကုဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာ မတ်ကွိဂျ်သည် ၎င်း၏ဘဝအချိန် အများစုကို ဒီမိုကရက်တစ် ကွန်ဂို နိုင်ငံတွင် ဖြစ်ပွားခဲ့သည့် လိင်မှုအကြမ်းဖက်ခံရသူများအား ကူညီကုသ ပေးခြင်းဖြင့် ကုန်လွန်ခဲ့သည်။ ၂၀ဝ၈ ခုနှစ်တွင် ဘူကာဗူတွင် တည်ထောင် သည့် ပန်ဇီဆေးရုံ၌ မတ်ကွိဂျ်နှင့်အဖွဲ့သည် လိင်မှုစော်ကားတိုက်ခိုက်ခံ ရသူ လူနာထောင်ပေါင်းများစွာကို ကုသပေးခဲ့ကြသည်။

အီရတ်အမျိုးသမီးဖြစ်သူ မူရက်ဒ်သည် ၎င်းကိုယ်တိုင် စစ်ရာဇဝတ်မှု သားကောင်ဖြစ်ခဲ့ပြီး ၎င်း၏အတွေ့အကြုံကို နှုတ်ဆိတ်နေရသည့် အစဉ် အလာမှသွေဖည်လျက် ပွင့်လင်းစွာထုတ်ဖော်ပြောဆိုခဲ့ကာ အခြားသူများ ကိုလည်း ယင်းသို့ ပြောဆိုဝံ့စေရန် နှိုးဆော်ခဲ့သည်။

အီရတ်မြောက်ပိုင်းရှိ ယာဇီဒီကာ့ဒ် လူနည်းစုမှမွေးဖွားသည့်  မူရက်ဒ် သည် ၂၀၁၄ ခုနှစ်တွင် အိုင်အက်စ်အကြမ်းဖက်အုပ်စု၏ ယာဇီဒီမျိုးနွယ်ပျက်သုဉ်းရေး စနစ် တကျတိုက်ခိုက်မှုတွင် ပါဝင်ခံစားခဲ့ရသည်။ သုံးနှစ်နီးပါး အိုင်အက်စ်တို့ လက်တွင်း လိင်မှုအနိုင်ကျင့်ခြင်းများအပါအဝင် နှိပ်စက်မှုများခံစားခဲ့ ရပြီးနောက် မူရက်ဒ်လွတ်မြောက်ခဲ့သည်။ ၎င်းသည် လူ့အခွင့်အရေးလှုပ်ရှားသူဖြစ်လာပြီး အသက် ၂၃ နှစ်အရွယ် ၂၀၁၆ တွင် လူမှောင်ခိုမှုမှ လွတ်မြောက်လာသူများကိုဂုဏ်ပြုသည့် ကုလသမဂ္ဂဆိုင်ရာ ပထမဆုံး ချစ်ကြည်ရေးသံတမန်အဖြစ် အမည်တင်သွင်းခံခဲ့ရသည်။