၂၀၁၈ ခုနှစ် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ(YCDC) ဥပဒေတွင် ပါဝင်သည့် ပုဒ်မအချို့သည် စည်ပင်ရွေးကောက်ပွဲကျင်းပရန် အခက်အခဲဖြစ်ပေါ်စေနိုင်သည့်အတွက် ယင်းဥပဒေကိုပြင်ဆင်ရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် တင်သွင်းခဲ့သည်။
အဆိုပါဥပဒေကြမ်းကို အောက်တိုဘာ ၅ ရက်တွင် ကျင်းပသည့် ဒုတိယအကြိမ် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်အစည်းအဝေးတွင် သင်္ဃန်းကျွန်းမဲဆန္ဒနယ် အမှတ် ၁ လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က တင်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၈ ခုနှစ် YCDC ဥပဒေ၏ ရွေးကောက်တင်မြှောက်ခြင်း၊ အစားထိုးခန့်အပ်ခြင်း၊ တာဝန်မှ ရုပ်သိမ်းခြင်းအခန်းတွင် ပါရှိသည့် ပုဒ်မ ၁၃ နှင့် ပြစ်မှုနှင့်ပြစ်ဒဏ်များ အခန်းတွင် ပြဌာန်းထားသည့် ပုဒ်မ ၃၂၄ တို့ကိုဖြည့်စွက်ရန် ဥပဒေကြမ်းတင်ရခြင်းဖြစ်ကြောင်း တိုင်းဒေသကြီး လူမှုရေးနှင့် စီမံခန့်ခွဲရေးကော်မတီဝင် ဦးနေဘုန်းလတ်က ဆိုသည်။
၂၀၁၈ YCDC ဥပဒေ ပုဒ်မ ၁၃ တွင် စည်ပင်ရွေးကောက်ပွဲကျင်းပရေးတွင် မြို့နယ်အလိုက် မဲပေးသည့်ပုံစံကို မဲပေးခွင့်ရှိသူ လူဦးရေနှင့်ဆောင်ရွက်ရန် တင်ပြခြင်းဖြစ်ပြီး စည်ပင်ရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် ပြစ်ဒဏ်ပြဌာန်းချက်များကို ပိုမိုခိုင်မာစေရန် ပုဒ်မ ၃၂၄ ကို ထပ်မံဖြည့်စွက်၍ ပုဒ်မ ၃၂၄-က ဖြင့် ရွေးကောက်ပွဲ နည်းဥပဒေအတိုင်း အရေးယူမည်ဖြစ်ကြောင်း အချက်ကို ထည့်သွင်းခြင်းဖြစ်သည်။ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ် တင်သွင်းသည့် ဥပဒေကြမ်းကို ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက လက်ခံသည့်အတွက် လွှတ်တော်တွင်ဆွေးနွေးရန် စီစဉ်ထားသည်။
လူဦးရေဖြင့် မဲဆန္ဒနယ်ခွဲ သတ်မှတ်ခြင်းကြောင့် တိကျသည့် မဲအရေအတွက်ကို ရရှိနိုင်ကြောင်း စည်ပင်သာယာရွေးကောက်ပွဲ လေ့လာစမ်းစစ်မှုအဖွဲ့ဝင် Mercy Corp Myanmar က ဦးမြတ်မင်းဦးက ပြောကြားသည်။ ၂၀၁၈ YCDC ဥပဒေအတိုင်း မြို့နယ်နှင့် မဲန္ဒနယ်သတ်မှတ်သည့်အတွက် လူဦးရေများသည့်မြို့နယ်၊ လူဦးရေနည်းသည်မြို့နယ် မဲရရှိမှုကွာဟ၍ မဲအရည်အတွက်ကစားခြင်းများ ပေါ်ပေါက်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
ပုဒ်မ ၃၂၄ ကိုပိုပြီးခိုင်မာဖို့ ပုဒ်မခွဲ အခုတိုးပြီး ဒီပုဒ်မကို ဖောက်ဖျက်ကျူးလွန်လျှင် နည်းဥပဒေတွင် ပါသည့် ပြစ်ဒဏ်အတိုင်းကျခံရမည်ဆိုသည့်အချက်ကို ရှင်းရှင်းလင်းလင်းဖြစ်စေရန် ထပ်ပြဌာန်းခြင်းဖြစ်ကြောင်း ဦးမြတ်မင်းဦးက ဆိုသည်။ စည်ပင်သာယာရွေးကောက်ပွဲ လေ့လာစမ်းစစ်မှုအဖွဲ့ကို အရပ်ဘက်အဖွဲ့အစည်း ၁၁ ဖွဲ့ဖြင့် ၂၀၁၆ ခုနှစ်က ဖွဲ့စည်းခဲ့သည်။

















