ဂါဇာကမ်းမြောင်ဒေသနှင့် အစ္စရေးတို့ကို ပိုင်းခြားထားသည့် စည်းရိုးတစ်လျှောက် အောက်တိုဘာ ၅ ရက်တွင် ဆန္ဒပြမှုများအတွင်း အစ္စရေးစစ်တပ်၏ပစ်ခတ်မှုကြောင့် အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ပါလက်စတိုင်းသားသုံးဦးသေဆုံးခဲ့ကြောင်း ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ကလေးငယ်သည် ဝမ်းဗိုက်တွင် ကျည်ဆန်ထိမှန်ခဲ့ခြင်းဖြစ်ပြီး အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦးသည် နောက်ကျောတွင် သေနတ်ဒဏ်ရာရရှိခဲ့ကာ အသက် ၂၈ နှစ်အရွယ် ကျန်အမျိုးသားတစ်ဦးမှာမူ အကြောင်းအရင်းမသိရသည့် ဒဏ်ရာများဖြင့် ဆေးရုံတွင်သေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနကပြောဆိုခဲ့သည်။ ကျည်ဆန်အစစ်ဖြင့် ပစ်ခတ်မှုကြောင့် ဆန္ဒပြသူ ၁၂၆ ဦး ဒဏ်ရာရရှိခဲ့သည်။
ဂါဇာကိုအုပ်ချုပ်နေသည့် စစ်သွေးကြွအဖွဲ့ ဟာ့မာ့စ်၏တောင်းဆိုမှုအရ ပါလက်စတိုင်းသားထောင်ပေါင်းများစွာသည် စည်းရိုးတစ်လျှောက် နေရာငါးနေရာတွင် စုဝေးပြီး ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။ ဆန္ဒပြသူများသည် ကားတာယာများကို မီးတင်ရှို့ခြင်း၊ ကျောက်ခဲများဖြင့် ပစ်ခတ်ခြင်းနှင့် အစ္စရေးနှင့် အီဂျစ်တို့က နယ်ခြားဖြတ်ကျော်စခန်းများကိုပိတ်ဆို့ထားမှုကိုဆန့်ကျင်သည့် ကြွေးကြော်သံများကို ရွတ်ဆိုခဲ့သည်။
ဆန္ဒပြသူ ၂၀ဝ၀ဝ ခန့်ပါဝင်ခဲ့ကြောင်း အစ္စရေးစစ်တပ်ကပြောဆိုခဲ့သည်။ ဆန္ဒပြသူများသည် ပေါက်ကွဲစေတတ်သောပစ္စည်းများ၊ လက်ပစ်ဗုံးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် စစ်သည်များက မျက်ရည်ယိုဗုံးများ၊ ကျည်ဆန်အစစ်များဖြင့် ပစ်ခတ်ကာ လူစုခွဲခဲ့ရခြင်းဖြစ်ကြောင်း အစ္စရေးစစ်တပ်က ပြောဆိုခဲ့သည်။
နေရာနှစ်နေရာတွင် လူငယ်များသည် သံကြိုးဖြတ်ကိရိယာများဖြင့် စည်းရိုးကိုဖျက်ဆီးနိုင်ခဲ့သော်လည်း အစ္စရေးပိိုင်နက်တွင်း မဝင်ရောက်နိုင်ခဲ့ကြောင်း အစ္စရေးစစ်တပ်၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ မတ်တွင် စတင်ခဲ့သည့် ဆန္ဒပြမှုများအတွင်း အစ္စရေးစစ်တပ်၏ပစ်ခတ်မှုကြောင့် ကလေး ၃၃ ဦးအပါအဝင် ပါလက်စတိုင်းသား ၁၄၈ ဦးသေဆုံးခဲ့ပြီးဖြစ်သည်။

















