နိုင်ငံတကာရဲတပ်ဖွဲ့(အင်တာပို)အကြီးအကဲ မင်ဟောင်ဝေသည် ပြင်သစ်နိုင်ငံ လိုင်ယွန်မြို့ရှိ အင်တာပိုဌာနချုပ်မှနေ၍ တရုတ်နိုင်ငံသို့ စက်တင်ဘာ ၂၅ ရက်၌ ထွက်ခွာသွားခဲ့ပြီးနောက် ပျောက်ဆုံးနေကြောင်း ၄င်း၏ဇနီးက သတင်းပို့ခဲ့၍ ပြင်သစ် အာဏာပိုင်များက အမှုဖွင့်စုံစမ်းနေသည်။
တရုတ်ပြည်တွင်းလုံခြုံရေးဌာန ဒုတိယဝန်ကြီးဖြစ်ခဲ့သည့် မင်ဟောင်ဝေသည် ကွန်မြူနစ်ပါတီ အထက်တန်းအရာရှိ တစ်ဦးလည်းဖြစ်ပြီး ၂၀၁၆ ခုနှစ် နိုဝင်ဘာ၌ အင်တာပိုဥက္ကဌ အဖြစ် ရွေးချယ်ခန့်အပ်ခံရခြင်းဖြစ်သည်။
အင်တာပိုဌာနချုပ်က ၄င်းတို့ဥက္ကဌပျောက်ဆုံးမှုသည် ပြင်သစ်နှင့်တရုတ်အာဏာပိုင်နှစ်ရပ်စလုံးနှင့် စပ်ဆိုင်သည့် ကိစ္စဖြစ်ကြောင်း ပြောဆိုခဲ့သည်။ အသက် ၆၄ နှစ်အရွယ် မစ္စတာမင်သည် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့၏ မေးခွန်းမေးမြန်းခံရရန် တရုတ်သို့ ခေါ်ဆောင်သွားခြင်းခံရကြောင်း ဆောက်ချိုင်းနားမောနင်းပို့စ်သတင်းစာက ရေးသည်။ တရုတ်တွင် ဆောင်ရွက်ဆဲဖြစ်သည့် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးလုပ်ငန်းများနှင့် ဆက်နွယ်ဖွယ်ရှိကြောင်းလည်း သတင်းထွက်ပေါ်နေသည်။ တရုတ်နိုင်ငံဘက်ကမူ တရားဝင်တုံ့ပြန်ပြောဆိုခြင်းမရှိသေးပေ။
မင်သည် တရုတ်မှ အင်တာပိုဥက္ကဌအတွက် ပထမဆုံးရွေးချယ်ခံရသူဖြစ်သည်။ ယင်းရာထူးသည် သင်္ကေတအားဖြင့် ကြီးမားသော်လည်း နိုင်ငံရေးအရမူ အရေးမပါချေ။ အင်တာပို၏နေ့စဉ်လုပ်ငန်းများကို အတွင်းရေးမှူးချုပ်ရုံးက တာဝန်ယူထားသည်ဖြစ်ရာ မင်ပျောက်ကွယ်နေခြင်းကြောင့် လုပ်ငန်းထိခိုက်မှု မရှိလှချေ။
အင်တာပိုအကြီးအကဲအဖြစ် ၂၀၂၀ အထိ တာဝန်ထမ်းဆောင်ရမည့် မင်သည် တရုတ်တွင် ခေါင်းဆောင်ဟောင်းများနှင့်သာ နီးစပ်ခဲ့ဖွယ်ရှိကြောင်း အေပီသတင်းက ဖော်ပြခဲ့သည်။ ၄င်းသည် အကျင့်ပျက်ခြစားမှုဖြင့် ထောင်တစ်သက် ချမှတ်ခံထားရသည့် လုံခြုံရေးအကြီးအကဲဟောင်း ဇူယောက်ခန်နှင့်လည်း ကျယ်ပြန့်စွာ ပတ်သက်ခဲ့ကြောင်းလည်း သိရသည်။

















