သမ္မတဒေါ်နယ်ထရမ့်နှင့် အခြားခေါင်းဆောင်များထံ ဓာတုအဆိပ်ပါသည့်စာများပေးပို့၍ ခြိမ်းခြောက်မှုဖြင့် အမေရိကန်စစ်ပြန်တစ်ဦးကို အမေရိကန်အာဏာပိုင်များက စွဲချက်တင်လိုက်ပြီဖြစ်သည်။
အသက် ၃၉ နှစ်ရွယ် ဝီလျံဆလိုက်အာလန်(၃)ကို ယူတားပြည်နယ် ခရိုင်တရားရုံးတွင် အမှုဖွင့်လှစ်လိုက်ကြောင်း အက်ဖ်ဘီအိုင်ထောက်လှမ်းရေးအဖွဲ့က ပြောဆိုခဲ့သည်။ သမ္မတထရမ့်ထံလိပ်မူထားသော ပြင်းထန်သည့် ရီစင်အဆိပ်မှုန့်ပါ စာအိတ်တစ်အိတ်ကို သမ္မတ၏အထူးလုံခြုံရေးတပ်ဖွဲ့က လက်ခံရရှိ်ခဲ့သော်လည်း အိမ်ဖြူတော်အတွင်းသို့ ယင်းစာအိတ် မရောက်ရှိခဲ့ဟု ဆိုသည်။
ယင်းကိစ္စသည် စောစောပိုင်းက ပင်တဂွန်စစ်ဌာနချုပ်သို့ အက်ဖ်ဘီအိုင်ဒါရိုက်တာ ဂျွန်ဝါရီ၊ ကာကွယ်ရေးဝန်ကြီး ဂျင်မတ်တစ်နှင့် ရေတပ်ဗိုလ်ချုပ်ကြီး ဂျွန်ရစ်ချတ်ဆန်တို့ထံ လိပ်မူပေးပို့ခဲ့သည့်စာအိတ်များနှင့် ဆက်စပ်ဖွယ်ရှိကြောင်းလည်း သိရသည်။ ယင်းစာအိတ်များတွင်လည်း ရီစင်အဆိပ်များ ပါဝင်ခဲ့သည်။ အဆိပ်များတွေ့ရှိရသည့် စာအိတ်ထဲတွင် ဒုံးကျည်များနှင့် ပတ်သက်၍လှောင်ပြောင်ရေးသားထားသည့် ကတ်ပြားတစ်ခုကိုလည်း တွေ့ရှိရသည်။
မသင်္ကာဖွယ်စာအိတ်များကို ကြားဖြတ်သိမ်းဆည်းနိုင်ခဲ့၍ မည်သူမျှ အဆိ်ပ်မမိခဲ့ချေ။ အာလန်က ၄င်းသည် အလားတူစာများကို ဗြိတိန်ဘုရင်မ အဲလိဇဘက်(၂)၊ ရုရှားသမ္မတ ဗလာဒီမီယာပူတင်နှင့် လေတပ်ဝန်ကြီးတို့ထံ ပေးပို့ခဲ့ကြောင်းလည်း ပြောဆိုခဲ့သည်။ ယင်းစာများတွေ့ရှိခြင်းရှိမရှိမူ မသဲကွဲသေးပေ။
အောက်တိုဘာ ၅ ရက်က တရားရုံးရှေ့မှောက်တွင် အာလန်က ငိုကြွေးပြီး ၄င်း၏ဇနီးသည် ကျောရိုးဝေဒနာ ခံစားနေရ၍ ဘိနပ်ဝတ်ရန်ပင် ၄င်းကကူညီနေရကြောင်း ပြောဆိုခဲ့သည်။ ဖမ်းဆီးခံရသူ အာလန်၏ စိတ်အခြေအနေနှင့် ပတ်သက်၍ ယူတားပြည်နယ်ရှေ့နေချုပ် ဂျွန်ဟူဘာက မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သော်လည်း ယခုကိစ္စသည် ရယ်စရာမဟုတ်ဟု ပြောဆိုခဲ့သည်။
ဓာတုအဆိပ်များသုံးစွဲခဲ့ကြောင်း ပြစ်မှုထင်ရှား စီရင်ခံရလျှင် အာလန်သည် ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည်။

















