ဘရာဇီးနိုင်ငံသား ၆၉ ရာခိုင်နှုန်းက ဒီမိုကရေစီစနစ်သည်သာ နိုင်ငံအတွက် အကောင်းဆုံးဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု စစ်တမ်းကုမ္ပဏီ ဒေတာဖိုဟာက ဘရာဇီး၌ သမ္မတရွေးကောက်ပွဲ မတိုင်မီတွင် ပြုလုပ်ခဲ့သည့် စစ်တမ်းတွင်ဖော်ပြထားသည်။
သို့သော် ဗိုလ်ကြီးဟောင်း လက်ယာစွန်းဝါဒီ ဟိုင် ဘိုဆိုနာရို၏ပြောဆိုမှုများကြောင့် ဘရာဇီးရှိ ဒီမိုကရေစီစနစ်နှင့်ပတ်သက်၍ စိုးရိမ်မှုများရှိလာခဲ့သည်။ ဘိုဆိုနာရိုသည် ဘရာဇီးအား ၁၉၆၄ မှ ၁၉၈၅ ခုနှစ်အထိ အုပ်ချုပ်ခဲ့သည့် စစ်အစိုးရနှင့်ပတ်သက်၍ အကောင်းပြောဆိုခဲ့ပြီး ဝန်ကြီးအဖွဲ့တွင် စစ်ဗိုလ်ချုပ်များကို ခန့်ထားမည်ဖြစ်ကြောင်း ကတိပြုထားသည်။
ကျွန်တော်က အာဏာရှင်စနစ်ကို ထောက်ခံတယ်။ အမျိုးသားရေးပြဿနာတွေကို တာဝန်မယူတတ်တဲ့ ဒီမိုကရေစီစနစ်နဲ့ ဖြေရှင်းလို့မရဘူးဟု ၎င်းက ၁၉၉၃ ခုနှစ်တွင် ရဲ့ဝင့်စွာပြောဆိုခဲ့ဖူးကြောင်း သတင်းမီဒီယာများက ဖော်ပြခဲ့သည်။ ဒေတာဖိုဟာ၏ စစ်တမ်းအရ ဘိုဆိုနာရိုသည် လူကြိုက်များမှု ၃၅ ရာခိုင်နှုန်းရရှိနေပြီး သမ္မတရွေးကောက်ပွဲဒုတိယအကြော့မဲပေးပွဲအထိ ရောက်ရှိနိုင်ခြေရှိနေသည်။ ဘိုဆိုနာရို၏အဓိကပြိုင်ဘက် လက်ယာဝါဒီ ဖာနန်ဒို ဟတ်ဒတ်သည် အလုပ်သမားပါတီ၏သမ္မတလောင်းဖြစ်သည်။
အောက်တိုဘာ ၅ ရက်တွင် ပြိုင်ဘက်များ၏ စကားစစ်ထိုးရန် စီစဉ်ခဲ့သော်လည်း ဘိုဆိုနာရိုသည် စကားစစ်ထိုးပွဲသို့ မလာရောက်ခဲ့ချေ။ ဆရာဝန်များ၏အကြံပေးချက်အရ စကားစစ်ထိုးပွဲသို့ မတက်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ဘိုဆိုနာရိုကပြောဆိုခဲ့သည်။ ဘိုဆိုနာရိုသည် စက်တင်ဘာတွင် ရွေးကောက်ပွဲမဲဆွယ်စည်းရုံးပွဲတစ်ခုအတွင်း ဓားဖြင့် အထိုးခံခဲ့ရပြီး လွန်ခဲ့သော ရက်သတ္တပတ်ရုံးပိတ်ရက်များမှသာ ဆေးရုံမှဆင်းခွင့်ရရှိခဲ့ခြင်းဖြစ်သည်။
သို့သော် ဘိုဆိုနာရိုသည် ရုပ်သံလိုင်းတစ်ခုကို တွေ့ဆုံမေးမြန်းခွင့်ပြုခဲ့ပြီး ရုပ်သံလိုင်းကလည်း ၎င်း လူကြိုက်များခံလာရရေး လုပ်ဆောင်ပေးခဲ့သည်။ ဆိုရှယ်လစ်ဝါဒနှင့် လွတ်လပ်ရေးပါတီမှ သမ္မတလောင်း ဂူဟဲမာ ဘိုလော့စ်က လွန်ခဲ့သော နှစ် ၃၀ တွင် အာဏာရှင်စနစ်ကျင့်သုံးခဲ့ကြောင်း၊ သေနတ်များ၊ အကြမ်းဖက်မှုဖြင့် ပြဿနာများကိုဖြေရှင်းမှုနှင့် လူ့အသက်ကိုတန်ဖိုးမထားမှုများဖြင့် အာဏာရှင်စနစ်စတင်လေ့ရှိကြောင်း စကားစစ်ထိုးပွဲတွင်ပြောဆိုခဲ့သည်။
ဘရာဇီးနိုင်ငံတွင်း လူသတ်မှုဖြစ်ပွားနှုန်းမြင့်တက်နေသောကြောင့် ရာဇဝတ်မှုဖြစ်ပွားနှုန်းလျော့ကျအောင် လုပ်ဆောင်မည်ဟု ဘိုဆိုနာရိုက ကတိပြုထားသည်။ နိုင်ငံသားများ ၎င်းတို့ကိုယ်၎င်းတို့ ကာကွယ်နိုင်ရန်အတွက် သေနတ်ကိုင်ဆောင်ခွင့်ဆိုင်ရာဥပဒေများကို ဖြေလျှော့ပေးမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုခဲ့သည်။
ဘိုဆိုနာရိုသည် တိုက်ခိုက်ခံရပြီးနောက် လူကြိုက်များနှုန်းမြင့်တက်ခဲ့သည်။ ဘိုဆိုနာရိုသည် အမျိုးသမီးမုန်းတီးရေးဝါဒီ၊ လူမျိုးရေးခွဲခြာသူနှင့် လိင်တူမုန်းတီးသူဖြစ်သော်လည်း နိုင်ငံသားလူငယ်များနှင့် အမျိုးသမီးများ၏ထောက်ခံမှုကိုရရှိနေကြောင်း ဒေတာဖိုဟာက ဖော်ပြခဲ့သည်။ ဘိုဆိုနာရို၏ပြိုင်ဘက် ဟတ်ဒတ်သည် လူကြိုက်များမှု ၂၂ ရာခိုင်နှုန်းရရှိနေကြောင်း စစ်တမ်းကုမ္ပဏီက ဖော်ပြခဲ့သည်။

















