ရုရှား၌ အကျဉ်းကျခံနေရသည့် ယူကရိန်းဒါရိုက်တာ အစာငတ်ခံမှုကို ၁၄၄ ရက်အကြာတွင် ရပ်ဆိုင်း

ရုရှား၌ အကျဉ်းကျခံနေရသည့် ယူကရိန်းဒါရိုက်တာ အစာငတ်ခံမှုကို ၁၄၄ ရက်အကြာတွင် ရပ်ဆိုင်း

ရုရှားတွင် အကြမ်းဖက်ရန် ကြံစည်မှုဖြင့် အကျဉ်းကျခံနေရသည့် ယူကရိန်းနိုင်ငံသား ဒါရိုက်တာ အိုလက် ဆန်ဆော့ဗ်သည် အတင်းအကျပ်အစာကျွေးခြင်းခံရနိုင်ခြေရှိနေသောကြောင့် ၁၄၄ ရက်ကြာ အစာငတ်ခံဆန္ဒပြခဲ့ပြီးနောက် ယင်းဆန္ဒပြမှုကို အောက်တိုဘာ ၅ ရက်တွင် ရပ်ဆိုင်းလိုက်ပြီဖြစ်သည်။

၎င်း၏ခန္ဓာကိုယ်တွင် ဆိုးရွားသော အပြောင်းအလဲများရှိနေသောကြောင့် အတင်းအကျပ်အစာကျွေးရန် စီစဉ်နေကြသောကြောင့် အစာငတ်ခံဆန္ဒပြမှုကို ရပ်ဆိုင်းရန် ဆုံးဖြတ်လိုက်ရခြင်းဖြစ်ကြောင်း အိုလက် ဆန်ဆော့ဗ်လက်ဖြင့် ရေးထားသည့် စာတစ်စောင်ကို ရုရှားသတင်းစာ နိုဗာယာ ဂါဇဲတာက ပုံနှိပ်ဖော်ပြခဲ့သည်။
    ရုရှားနိုင်ငံတွင်း အကြမ်းဖက်ရန် ကြံစည်မှုများဖြင့် ၂၀၁၅ ခုနှစ်တွင် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံခဲ့ရသည့် ဆန်ဆော့ဗ်က ၎င်း၏အမြင်များကို ရုရှားအာဏာပိုင်များက ထည့်သွင်းစဉ်းစားခြင်းမပြုခဲ့ကြောင်း ပြောဆိုခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် ရုရှားက ယူကရိန်းပိုင် ကရိုင်းမီးယားကို သိမ်းပိုက်လိုက်ခြင်းအား ဆန်ဆော့ဗ်က ပြင်းပြင်းထန်ထန်ဝေဖန်ပြောဆိုခဲ့သည်။
    ဆန်ဆော့ဗ်ရေးပေးသည့် စာကို သတင်းစာသို့ ပေးအပ်ခဲ့ကြောင်း ဆန်ဆော့ဗ်၏ရှေ့နေ ဒီမီထရီ ဒင်ဇေကပြောဆိုခဲ့သည်။ ရုရှားတွင် ယူကရိန်းနိုင်ငံသားများစွာ ထောင်ဒဏ်ကျခံနေရခြင်းကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် ဆန်ဆော့ဗ်တွင် မေမှစ၍ အစာငတ်ခံဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ယင်းကဲ့သို့ ဆန္ဒပြမှုကို တစ်ဦးတစ်ယောက်တည်း သဘောဆန္ဒဖြင့် ရပ်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း ရုရှားပြည်ထောင်စု အကျဉ်းဦးစီးဌာနက အစောပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
    အကျဉ်းထောင်ဆရာဝန်များနှင့် ရှေ့နေများ၏တောင်းဆိုမှုကို ဆန့်ဆော့ဗ်က လိုက်လျောခဲ့ခြင်းဖြစ်ကြောင်း အကျဉ်းဦးစီးဌာနဒုတိယအကြီးအကဲ ဗယ်လာရီ မာဇီမန်ကိုက ပြောဆိုခဲ့သည်ဟု ရုရှားတက်စ်သတင်းဌာနက ဖော်ပြခဲ့သည်။ အစာငတ်ခံဆန္ဒပြမှုကြောင့် ဆန်ဆော့ဗ်၏ကျန်းမာရေး အလွန်အမင်းထိခိုက်သွားခဲ့ကြောင်း ဆန်ဆော့ဗ်၏ရှေ့နေက ပြောဆိုခဲ့သည်။