မြောက်ကိုရီးယားသို့ အဓိကဦးတည်နေသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုသည် အောက်တိုဘာ ၆ ရက်၌ ဂျပန်သို့ရောက်ရှိခဲ့ပြီး ဂျပန်ခေါင်းဆောင်များနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။
သမ္မတဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်တို့ ဇွန်လက စင်ကာပူတွင်တွေ့ဆုံခဲ့ပြီးနောက် ဒုတိယအကြိမ်တွေ့ဆုံရန် ရှိနေစဉ် မြောက်ကိုရီးယား၏နျူကလီးယားလက်နက်ဖျက်သိမ်းရေး ယုံကြည်ရလောက်သည့် တိုးတက်မှုများလုပ်ဆောင်ရေး ဖိအားပေးရန် ပွမ်ပီယိုထွက်ခွာလာခြင်းဖြစ်သည်။
ပွမ်ပီယိုက ၄င်း၏ခရီးစဉ်သည် နှစ်ဘက်စလုံး တစ်ဘက်စီတွင် တိုးတက်မှုများရရှိအောင် မှန်ကန်စွာကြိုးပမ်းမှုကို သိနားလည်ကြရန်နှင့် စင်ကာပူတွင်ပေးခဲ့သည့် ကတိကဝတ်များနှင့် မဆန့်ကျင်အောင် မည်သို့မည်ပုံဆောင်ရွက်နိုင်မည်ကို ဆွေးနွေးရန်ဖြစ်ကြောင်း လေယာဉ်ပေါ်တွင် ပြောဆိုခဲ့သည်။
ပြုံယမ်းသို့ အောက်တိုဘာ ၇ ရက်ရောက်ရှိမည့် ပွမ်ပီယိုသည် ဂျပန်တွင်ရှိစဉ် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၊ နိုင်ငံခြားရေးဝန်ကြီး တာရိုကိုနိုတို့နှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။ မြောက်ကိုရီးယား၏ နျူလက်နက်ဖျက်သိမ်းရေးနှင့်ပတ်သက်၍ ဂျပန်နှင့်အမေရိကန် နက်ရှိုင်းစွာပူးပေါင်းဆောင်ရွက်ရန် သဘောတူထားကြောင်း ဂျပန်ဝန်ကြီးအဖွဲ့အတွင်းရေးမှူးချုပ် ယိုရှီဟီဒဲ ဆူဂါက အောက်တိုဘာ ၄ ရက်က ပြောဆိုခဲ့သည်။
သုံးရက်တာကြာမြင့်မည့် ပွမ်ပီယို၏ အရှေ့အာရှခရီးစဉ်တွင် တောင်ကိုရီးယားနှင့် တရုတ်တို့သို့လည်း သွားရောက်မည်ဖြစ်သည်။
ပေကျင်းတွင် တရုတ်အမေရိကန်ကုန်သွယ်ရေးအငြင်းပွားမှုနှင့် မကြာမီက အမေရိကန်ရွေးကောက်ပွဲကို တရုတ် နှောင့်ယှက်ကြောင်းစွပ်စွဲခဲ့မှုများအရေးတို့နှင့် ပတ်သက်၍ တရုတ်တို့၏ဒေါသကို ပွမ်ပီယိုရင်ဆိုင်ရဖွယ်ရှိသည်။

















