လိင်တူလက်ထပ်မှုပိတ်ပင်ခံရနိုင်ခြေရှိသည့် ပြည်သူ့ဆန္ဒခံယူပွဲ ရိုမေးနီးယား၌ ကျင်းပ

လိင်တူလက်ထပ်မှုပိတ်ပင်ခံရနိုင်ခြေရှိသည့် ပြည်သူ့ဆန္ဒခံယူပွဲ ရိုမေးနီးယား၌ ကျင်းပ

ရိုမေးနီးယားနိုင်ငံ၌ လိင်တူလက်ထပ်မှုကို ဥပဒေဖြင့် အတည်ပေးရန် ကြိုးပမ်းမှု ပိုမိုခက်ခဲသွားနိုင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖြည့်စွက်မှုဆိုင်ရာ ပြည်သူ့ဆန္ဒခံယူပွဲကို အောက်တိုဘာ ၆ ရက်တွင် စတင်ပြုလုပ်ခဲ့သည်။

အယူအစွဲကြီးသော အဖွဲ့အစည်းတစ်ခုက ပြည်သူ့ဆန္ဒခံယူပွဲကျင်းပရန် ကမကထပြုခဲ့ခြင်းဖြစ်သည်။ အောက်တိုဘာ ၆ ရက်နှင့် ၇ ရက်တို့တွင် ပြည်သူ့ဆန္ဒခံယူပွဲကိုကျင်းပမည်ဖြစ်ပြီး ယင်းကို ရိုမေးနီးယားအော်သိုဒေါက်စ်ခရစ်ယာန်ဘုရားကျောင်းတော်က ထောက်ခံထားသည်။
    ရိုမေးနီးယားဖွဲ့စည်းပုံအခြေခံဥပဒေတွင် အိမ်ထောင်ပြုခြင်းဆိုသည်မှာ အမျိုးသားနှင့် အမျိုးသမီးတစ်ဦးတို့ကြား ပေါင်းဆုံမှုဖြစ်ကြောင်း ဖော်ပြထားရာ ယင်းနေရာတွင် ဇနီးနှင့် ခင်ပွန်းတို့ကြားပေါင်းဆုံခြင်းဖြစ်ကြောင်း ပြောင်းလဲအဓိပ္ပါယ်ဖွင့်ဆိုသင့်မသင့်နှင့်ပတ်သက်၍ မဲပေးကြမည်ဖြစ်သည်။
    ရိုမေးနီးယားဥပဒေများအရ လိင်တူလက်ထပ်မှုကို ပိတ်ပင်ထားပြီးဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖြည့်စွက်ချက်သည် ယောကျာ်းလျာ၊ မိန်းမလျာ၊ လိင်နှစ်မျိုးလုံးနှစ်သက်သူနှင့် လိင်ပြောင်း( LGBT) များအား ဒုတိယတန်းစားနိုင်ငံသားများအဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်ပြီး အကျိုးဆက်အဖြစ် အိမ်ထောင်မပြုဘဲ သားသမီးရယူသူတစ်ဦးတည်း ဦးဆောင်နေသည့် အိမ်ထောင်စုများနှင့် လက်မထပ်ဘဲ ကလေးပြုစုပျိုးထောင်နေသည့် စုံတွဲများ ထိခိုက်သွားနိုင်ကြောင်း ပြင်ဆင်ဖြည့်စွက်ချက်ကို ဆန့်ကျင်သူများက ပြောဆိုခဲ့သည်။
    ပြည်သူ့ဆန္ဒခံယူပွဲအကျုံးဝင်စေရန် မဲပေးခွင့်ရှိသူများအနက် ၃၀ ရာခိုင်နှုန်းလာရောက်မဲပေးရန် လိုအပ်နေသည်။ အဆိုပြုထားသည့် ပြင်ဆင်ဖြည့်စွက်ချက်များကြောင့် လိင်တူလက်ထက်မှုကို ဥပဒေကြောင်းအရ အတည်ပြုပေးရန် ပိုမိုခက်ခဲသွားမည်ဖြစ်သည်။ မိသားစုညွန့်ပေါင်းအဖွဲ့က ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ဖြည့်စွက်ပေးရန် တောင်းဆိုထားသည့် လက်မှတ် ၃ သန်းကိုစုစည်းပြီး အစိုးရထံသို့ တင်ပြခဲ့ပြီးနောက် ပြည်သူ့ဆန္ဒခံယူပွဲကိုကျင်းပခဲ့ခြင်းဖြစ်သည်။ ရိုမေးနီးယားနိုင်ငံသား လူငယ်များသည် စာသင်ကျောင်းတွင် အစဉ်အလာမဟုတ်သော မိသားစုပုံစံများအကြောင်းကို သင်ယူနေရကြောင်း အဖွဲ့ကပြောဆိုခဲ့သည်။
    အခြေခံဥပဒေပြင်ဆင်မှုကြောင့် လိင်တူချစ်သူများအပေါ် မုန်းတီးမှု ပိုမိုများပြားလာနိုင်ပြီး လိင်မတူသော လက်ထပ်ပွဲများသာ တရားဝင်ပြီး လိင်တူများကြား အတူနေထိုင်မှုသည် အသိအမှတ်ပြုရန် မထိုက်တန်ကြောင်း ယူဆလာနိုင်သည်ဟု လိင်တူအခွင့်အရေးအဖွဲ့များက ပြောဆိုခဲ့သည်။
    လိင်တူချစ်မှုသည် အနောက်နိုင်ငံများတွင် ဦးဆုံးပေါ်ထွန်းခဲ့သည့် စံသွေမှုဖြစ်ကြောင်း အော်သိုဒေါက်စ်ဘုန်းကြီး ဆီဘတ်ရှန်း ပက်စ်ကာနူက ရိုမေးနီးယားတောင်ပိုင်းရှိ လူထုတွေ့ဆုံပွဲတစ်ခုတွင် ပြောဆိုခဲ့သည်။