ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲမြို့တွင် ဗျောက်အိုးဖောက်သံများနှင့်အတူရောနှောကာ သေနတ် ဖြင့်ပစ်ခတ်လုပ်ကြံခံခဲ့ရသည့် ဓမ္မမေဒနီရွှေကျင်ကျောင်းတိုက် ဆရာတော် ဥူးကလျာဏဝံသ၏ ရုပ်က လပ်တော်ကို အောက်တိုဘာ ၁၁ ရက်နေ့တွင် အေးချမ်းသာသုသာန်တွင် ပို့ဆောင် မီးသင်္ဂြိုဟ် သွားမည်ဖြစ်ကြောင်း အန္တိမဈာပနကျင်းပရေးကော်မတီမှ သိရသည်။
အောက်တိုဘာလ ၅ ရက်နေ့ ညနေ ၆ နာရီခွဲဝန်းကျင်ခန့်တွင် ဓမ္မမေဒနီရွှေကျင်ကျောင်းတိုက် ဆရာ တော် ဥူးကလျာဏဝံသ သည် ကျောင်းရှိသံဃာများနှင့်အတူ ဘုရားဝတ်ပြုနေစဉ် ကျောင်းဆောင်၏ တောင်ဘက်အခြမ်း၌ ဗျောက်အိုးဖောက်သံကြားသဖြင့်ထသွားကြည့်ရှုစဉ် သေနတ်သမား ၂ ဦး က ကျောင်းအတွင်း ဆိုင်ကယ်ဖြင့်ဝင်လာကာ သေနတ်ဖြင့် ၇ ချက်ခန့် ပစ်ခတ်လုပ်ကြံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ရဲတပ်ဖွဲ့က သေနတ်သမားများ ပြစ်မှုကျူးလွန်စဉ်က ကျန်ရှိခဲ့သည့် ဆိုင်ကယ် ၁ စီးနှင့် 9mm Luger အမျိုးအစား ( ၉ မမ ) ကျည်ခွံ (၇) ခုကိုတွေ့ရှိသိမ်းဆည်းခဲ့သည်။ လုပ်ကြံခံခဲ့ရသည့် ဆရာတော် ဥူးကလျာဏဝံသ ( လူအမည် ဦးရီခမ်း) သက်တော် (၄၆) ဝါတော် (၂၇)နှစ်သည် ရှမ်းလူမျိုးဖြစ်ပြီး နမ့်ခုံးပရဟိတအသင်း တည်ထောင်ခဲ့ကာ ဒေသတွင်း သြဇာသက်ရောက်မှုရှိသည့် ဆရာတော်တစ်ပါးလည်းဖြစ်ကြောင်း သိရသည်။ အဆိုပါအမှုနှင့်ပတ်သက်၍ ကျောက်မဲမြို့မရဲစခန်းတွင် (ပ)၄၁၂/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်ကာ သေနတ်သမားကို ဖော်ထုတ်နိုင်ရေးအတွက် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
အောက်တိုဘာ ၆ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်ခန့်တွင် ဆရာတော်၏ရုပ်အလောင်းကို ကျောက်မဲ ဆေးရုံ ရင်ခွဲရုံမှတစ်ဆင့် ကျောင်းတိုက်သို့ ပြန်လည်ပင့်ဆောင်ခဲ့ကာ အန္တိမဈာပနပူဇော်ပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အောက်တိုဘာ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီ အချိန်ခန့်တွင် မီးသင်္ဂြိုဟ်သွားမည်ဖြစ်ကြောင်း သိရသည်။
















