ထရမ့်ရေးသမျှ သဘောမတူဟု မယ်လာနီယာထရမ့်ဆို

ထရမ့်ရေးသမျှ သဘောမတူဟု မယ်လာနီယာထရမ့်ဆို

ခင်ပွန်းဖြစ်သည့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အား ဖုန်းကိုချထားရန် မကြာခဏသတိပေးခဲ့ရပြီး ခင်ပွန်းဖြစ်သူက တွစ်တာ၌ ရေးသားသမျှတိုင်းကို သဘောမတူနိုင်ခဲ့ကြောင်း မယ်လာနီယာ ထရမ့်က အောက်တိုဘာ ၆ ရက်တွင်ပြောဆိုခဲ့သည်။

မယ်လာနီယာသည် အီဂျစ်နိုင်ငံရှိ ပိရမစ်များနှင့် စဖင့်စ်ခေါ် မနုဿသီဟရုပ်ကြီးကိုသွားရောက်ကြည့်ရှုပြီးနောက် သတင်းထောက်များကို အထက်ပါအတိုင်းပြောဆိုခဲ့ခြင်းဖြစ်သည်။ ၎င်း၏အတွေးအမြင်များကို ခင်ပွန်းသည်အား ရှင်းရှင်းနှင့်ပြတ်ပြတ်ပြောဆိုလေ့ရှိကြောင်း မစ္စထရမ့်က စဖင့်စ်ရုပ်တုကြီးရှေ့တွင် ပြောဆိုခဲ့သည်။ သူ တွစ်တာမှာ ရေးသမျှတိုင်းကို သဘောမတူပါဘူး၊ အဲဒါကိုလည်း သူ့ကိုပြောခဲ့တယ်၊ အမြဲတမ်း ရိုးရိုးသားသားနဲ့ အကြံပေးတယ်၊ တင်ပြတယ်၊ တစ်ခါတလေလည်း သူနားထောင်ပါတယ်၊ နားမထောင်တဲ့အခါတွေလည်းရှိခဲ့ပါတယ်၊ ကျွန်မမှာလည်း ကိုယ်ပိုင်အတွေး၊ ကိုယ်ပိုင်အမြင်နဲ့ပါပဲ၊ ကျွန်မခံစားရတဲ့အတိုင်း ပြောခွင့်ရဖို့က အင်မတန်ကိုအရေးကြီးတယ် ဟု မယ်လာနီယာက ပြောဆိုခဲ့သည်။
    ခင်ပွန်းဖြစ်သူ ဖုန်းကိုချထားရန် သတိပေးခြင်းရှိမရှိကိုမေးမြန်းသည့်အခါ မယ်လာနီယာက သတိပေးခဲ့ကြောင်း ရယ်လျက်ပြောဆိုခဲ့သည်။ မယ်လာနီယာသည် ကင်ညာမှ အီဂျစ်နိုင်ငံ ကိုင်ရိုသို့ အောက်တိုဘာ ၆ ရက်တွင် ရောက်ရှိခဲ့ခြင်းဖြစ်သည်။ မယ်လာနီယာသည် အီဂျစ်သမ္မတ အက်ဘ်ဒယ်-ဖာတာ အယ်လ်စီစီ၊ ဇနီး အန်တစ်ဆာ မိုဟာမက် အာမာတို့နှင့် တွေ့ဆုံခဲ့ပြီးနောက် အမေရိကန်၏ကျောထောက်နောက်ခံဖြင့် ပြန်လည်ပြုပြင်ရေးလုပ်ဆောင်မှုများ ပိုမိုလူသိစေရန်အတွက် ပိရမစ်နှင့် စဖင့်စ်ရုပ်တုကြီးတို့ကို ကြည့်ရှုရန် ဂီဇာမြို့နားသို့ သွားရောက်ခဲ့သည်။
    ပိရမစ်ကြီးများထိခိုက်မှုနည်းစေရေးအတွက် မြေအောက်ရေပမာဏလျှော့ချရန် အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီနှင့် အီဂျစ်အစိုးရတို့ ပူးပေါင်းဆောင်ရွက်နေသည်မှာ ကြာခဲ့ပြီဖြစ်သည်။ ရေတွင်ပါဝင်သည့် ဆားဓာတ်ကြောင့် ပရိမစ်ကြီးများ၏အောက်ခြေတိုက်စားသွားနိုင်သည်။
    သမ္မတကတော် မယ်လာနီယာသည် ဂါနာ၊ မာလာဝီ၊ ကင်ညာနှင့် အီဂျစ်တို့သို့ သွားရောက်ခဲ့ခြင်းဖြစ်ပြီး ခရီးစဉ်မှာ အံ့ထူးမကုန်ခဲ့ကြောင်း ပြောဆိုခဲ့သည်။ လူများက ၎င်း၏ဖက်ရှင်ရွေးချယ်မှုကိုနည်းနည်းပြောပြီး ခရီးစဉ်အကြောင်းများများပြောပါစေဟု မျှော်လင့်ပါကြောင်း မယ်လာနီယာက ပြောဆိုခဲ့သည်။