အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု၏ဇနီး ဆာရာ နေတန်ယာဟုသည် နိုင်ငံပိုင်ငွေများကိုသုံးစွဲပြီး အစားအစာများကို အကြိမ်ကြိမ်မှာယူစားသောက်ခဲ့မှုဖြင့် အောက်တိုဘာ ၇ ရက်တွင် ရုံးတင်စစ်ဆေးခံခဲ့ရသည်။
ဆာရာ နေတန်ယာဟုသည် လိမ်လည်မှု၊ ယုံကြည်မှုချိုးဖောက်မှုများဖြင့် ဇွန်တွင် တရားစွဲဆိုခံခဲ့ရသည်။ ဝန်ကြီးချုပ်ရုံးတွင် စားဖိုမှူးမရှိဟု လိမ်လည်ပြောဆိုပြီး စားသောက်ဆိုင်များမှ ဒေါ်လာ ၁၀ဝ၀ဝ၀ တန်ဖိုးရှိ အမျိုးအမယ်စုံသော စားသောက်ပွဲများကို မှာယူခဲ့ခြင်းသည် နိုင်ငံပိုင်ငွေများကို အလွဲသုံးစားလုပ်ခြင်းသာဖြစ်ကြောင်း ဥပဒေအရာရှိများက စွပ်စွဲပြောဆိုခဲ့သည်။ ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၃ ခုနှစ်အတွင်း ဆာရာ၏မိသားစုနှင့် ဧည့်သည်များသည် အစားအစာများမှာယူပြီး နိုင်ငံတော်ကိုလိမ်လည်ခဲ့ကြောင်း တရားရုံးမှတ်တမ်းတွင် ဖော်ပြထားသည်။
ဂျေရုဆလင်ရှိ နာမည်ကျော်စားသောက်ဆိုင်မျိုးစုံတို့မှ အစားအစာများကို မှာယူခဲ့ခြင်းဖြစ်ကြောင်း မှတ်တမ်းတွင်ရေးသားထားသည်။ ဆာရာ နေတန်ယာဟုအား ယခုအမှုနှင့်ဆက်စပ်ပြီး လပေါင်းများစွာ ကြားနာစစ်ဆေးမည်ဖြစ်သည်။ ယခုအမှုကို အများပြည်သူက စိတ်ဝင်စားပြီး အတိမ်းအစောင်းလည်းမခံနိုင်သောကြောင့် ဂျေရုဆလင်တရားရုံးရှိ တရားသူကြီးသုံးဦးပါဝင်သော အဖွဲ့က စစ်ဆေးမည်ဖြစ်သည်။
အသက် ၅၉ နှစ်အရွယ် ဆာရာ နေတန်ယာဟုက အပြစ်မရှိကြောင်း ထွက်ဆိုခဲ့သည်။ ၎င်းသည် အိမ်တော်ရှိ ဝန်ထမ်းများကို မတရားဆက်ဆံခဲ့ကြောင်း စွပ်စွဲခံခဲ့ရသည်။ အိမ်ထောင်ထိန်းတစ်ဦးအား အနိုင်ကျင့်မှုဖြင့် နစ်နာကြေးအဖြစ် ဒေါ်လာ ၄၇၀ဝ၀ ပေးဆောင်ရန် တရားရုံးတစ်ရုံးက ဆာရာ နေတန်ယာဟုအား ၂၀၁၆ ခုနှစ်တွင် ညွှန်ကြားခဲ့သည်။

















