ဘရာဇီးတွင် သမ္မတရွေးကောက်ပွဲနှင့် ဒေသဆိုင်ရာ ရွေးကောက်ပွဲများ ကျင်းပ

ဘရာဇီးတွင် သမ္မတရွေးကောက်ပွဲနှင့် ဒေသဆိုင်ရာ ရွေးကောက်ပွဲများ ကျင်းပ

ဘရာဇီးတွင် ပြီးခဲ့သည့်နှစ်ပိုင်းများအတွင်း ဖြစ်ပွားခဲ့သည့် နိုင်ငံရေး၊ စီးပွားရေး မတည်ငြိမ်မှုများကို  ရပ်တန့်စေမည်ဟု  အများက ယုံကြည်ထားသည့် သမ္မတရွေးကောက်ပွဲနှင့် ဒေသဆိုင်ရာ ရွေးကောက်ပွဲ မဲထည့်ပွဲများကို အောက်တိုဘာ ၇ ရက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။ 

ဘရာဇီးနိုင်ငံသားအများစုသည် နိုင်ငံရေးကို နှစ်ပေါင်းများစွာ စိုးမိုးထားခဲ့သော ဗဟိုလက်ဝဲယိမ်း လုပ်သားပါတီနှင့် ဗဟိုလက်ယာယိမ်း ဘရာဇီး ဆိုရှယ်  ဒီမိုကရေစီပါတီတို့၏ နိုင်ငံရေး လက်ဝါးကြီးအုပ်မှုများကို စိတ်ကုန်နေကာ နိုင်ငံရေး အင်အားစုသစ်များနှင့် လူသစ်များ ဝင်ရောက်လာရေးအတွက်လည်း ယခုနှစ် ရွေးကောက်ပွဲအပေါ် မျှော်မှန်းထားကြသည်။
ယခုနှစ်အတွက် ရေပန်းစားနေသည့် သမ္မတ ကိုယ်စားလှယ်လောင်းများထဲတွင် လွှတ်တော်အတွေ့အကြုံ  ၂၇ နှစ်ရှိထားသည့် နေရှင်နယ်ဆိုရှယ် လစ်ဘရယ်ပါတီမှ ဂျာ ဘိုဆိုနာရို  ပါဝင်ပြီး တင်းမာသော သဘောထားမှတ်ချက်များ ပေးတတ်သူဖြစ်သဖြင့် ဘရာဇီးနိုင်ငံရေးတွင်  ဟန်မများဘဲ  ခပ်ဘွင်းဘွင်း ကိုင်တွယ်စေလိုသူများ၏  ထောက်ခံမှုကို ရရှိထားသည်။
ဒုတိယရေပန်းအစားဆုံးသူမှာ ပြီးခဲ့သည့် ရွေးကောက်ပွဲ လေးကြိမ်ဆက်တိုက် အနိုင်ရရှိခဲ့သော လုပ်သားပါတီမှ  တင်မြှောက်ထားသည့် ကိုယ်စားလှယ်လောင်း  ဆော်ပေါ်လိုမြို့တော်ဝန်ဟောင်း ဖာနန်ဒို ဟတ်ဒတ်ဖြစ်သည်။
ဘိုဆိုနာရိုသည်  နောက်ဆုံးကောက်ယူထားသော သဘောထားစစ်တမ်းများအရ လူကြိုက်များမှု ၃၆ ရာခိုင်နှုန်း ရရှိထားပြီး၊ ဟတ်ဒတ်က ၁၄   ရာခိုင်နှုန်းရရှိထားသည်။
အောက်တိုဘာ ၇ ရက် ရွေးကောက်ပွဲတွင် ဘရာဇီးနိုင်ငံသား သန်း ၁၅၀ ကျော် မဲပေးပိုင်ခွင့်ရှိကြောင်း သိရသည်။ ယခုရွေးကောက်ပွဲတွင် သမ္မတကိုယ်စားလှယ်လောင်း တစ်ဦးမျှ  မဲ  ၅၀  ရာခိုင်နှုန်းအထက် မရရှိလျှင် ဒုတိယအကျော့ ရွေးကောက်ပွဲကို အောက်တိုဘာ  ၂၈ တွင် ထပ်မံယှဉ်ပြိုင်ရမည်ဖြစ်သည်။
ယခုရွေးကောက်ပွဲတွင် သမ္မတသာမက၊ ပြည်နယ်အုပ်ချုပ်ရေးမှူး၊ အထက်လွှတ်တော်အမတ်နေရာ သုံးပုံ နှစ်ပုံနှင့် အောက်လွှတ်တော် အမတ်နေရာ အားလုံးအတွက်လည်း မဲထည့်ကြရမည်ဖြစ်သည်။
ထို့ပြင် ပြည်နယ်လွှတ်တော်များရှိ   အမတ်နေရာ ၁၀ဝ၀ ကျော်အတွက်လည်း တစ်ပြိုင်တည်း မဲထည့်ခဲ့ကြကြောင်း သိရသည်။
မစ္စတာ ဘိုဆိုနာရိုသည်   စက်တင်ဘာလက မဲဆွယ်ပွဲတွင် ဓားထိုးခံရသဖြင့် မဲဆွယ်မှု နောက်ဆုံးအပိုင်းကို လက်လွတ်ခဲ့သူဖြစ်သည်။ မစ္စတာ ဘိုဆိုနာရို၏   အဓိကပြိုင်ဘက်ဖြစ်သော ဆော်ပေါလိုမြို့တော်ဝန်ဟောင်း မစ္စတာ ဟတ်ဒတ်သည် လုပ်သားပါတီက ကနဦး အမည်စာရင်းတင်သွင်းသော သမ္မတဟောင်း လူးဝစ် အင်နာစီယို လူလာ ဒါ   ဆီးဗား ထောင်ဒဏ်ကျခံနေရသဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခြင်း  မပြုနိုင်သောကြောင့် အစားထိုးအဖြစ် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိခြင်း ဖြစ်သည်။