တရုတ်နိုင်ငံ အရှေ့ပိုင်းတွင် အောက်တိုဘာ ၆ ရက် ညပိုင်းက လူတစ်ဦးသည် လူအုပ်ထဲသို့ ကားဖြင့်အတင်းမောင်းဝင် လိုက်တိုက်သလို၊ ကားပေါ်မှဆင်းပြီးလည်း ဓားနှင့်လိုက်ခုတ်မှုကြောင့် လူ နှစ်ဦးသေဆုံးကာ၊ ၁၆ ဦး ဒဏ်ရာရရှိသွားကြောင်း တရုတ်အာဏာပိုင်များက ထုတ်ပြန်ပြောကြားသည်။
တရုတ်အရှေ့ပိုင်း ကျီကျန်းပြည်နယ် နင်ပိုမြို့တွင် ဖြစ်ပွားခြင်းဖြစ်သည်။ အမှုကျူးလွန်သည့် သံသယတရားခံ၏ အမည်ကို ဝမ်ဟုသာ သိရသေးသည်။ အိမ်တွင်းရေး အဆင်မပြေမှုကို အရင်းခံကာ ဒေါသအလျောက် အများပြည်သူကို လိုက်လံအန္တရာယ်ပြုခြင်းဖြစ်ကြောင်း နင်ပိုမြို့ အုပ်ချုပ်ရေးအဖွဲ့က ကနဦး ကောက်ချက်ချထားသည်။
အမှုကို အသေးစိတ် စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း ဖော်ပြထားပြီး၊ အခြားသော အသေးစိတ်အချက်အလက်များ ထုတ်ပြန်ခြင်းမရှိသေးပေ။
ပြီးခဲ့သည့် လကလည်း တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ်တွင် အလားတူပင် လူစည်ကားသော မြို့လယ်ရင်ပြင်သို့ လူတစ်ဦးသည် ကားဖြင့် အတင်းမောင်းဝင်ကာ လိုက်တိုက်ပြီးနောက်၊ ကားပေါ်မှဆင်းကာ ဓားဖြင့်ပါ လိုက်ခုတ်မှုကြောင့် ၁၁ ဦး သေဆုံးပြီး ၄၄ ဦး ဒဏ်ရာရရှိခဲ့သည်။ ဟန်ယန်းမြို့တွင် ဖြစ်ပွားခဲ့သော ထိုဖြစ်စဉ်တွင် ကျူးလွန်သူသည် ယခင်ကလည်း မှုခင်းရာဇဝင်ရှိသူဖြစ်ပြီး မူးယစ်မှောင်ခိုမှု၊ ခိုးမှု၊ ရန်ပြုတိုက်ခိုက်မှုများဖြင့် ထောင်ဒဏ်ကျခံဖူးသူဖြစ်ပြီး လူ့အဖွဲ့အစည်းအပေါ် မကျေနပ်မှုအတွက် လက်စားချေသည့်အနေဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ပြောကြားသည်။
တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် လုံခြုံရေးစောင့်ကြည့်မှုကွန်ရက် အကျယ်ပြန့်ဆုံး၊ အသေးစိတ်အကျဆုံး နိုင်ငံဖြစ်သည့်တိုင် ထိုသို့ စိတ်ကျန်းမာရေး ချို့ယွင်းမှုနှင့် အလားတူ ကိစ္စရပ်များကြောင့် ဖြစ်ပွားသည့် တိုက်ခိုက်မှုများကို ကြိုတင်ကာကွယ်နိုင်စွမ်း နည်းနေသေးကာ မကြာမကြာ ဖြစ်ပွားလျက်ရှိကြောင်း တွေ့ရသည်။
တိုက်ခိုက်မှု အများစုသည် ကျောင်းများတွင် ဖြစ်ပွားခဲ့ပြီး ၂၀၁၀ ပြည့်နှစ်အတွင်း ကျောင်းဝင်းအတွင်း ဓားဖြင့် ဝင်ခုတ်မှုများ အများအပြားဖြစ်ပွားခဲ့ကာ ကလေး ၂၀ ခန့်ထိ သေဆုံးခဲ့ရသည်။
ယခုနှစ် ဇွန်လမှာပင် ရှန်ဟိုင်းတွင် မီးဖိုချောင်သုံးဓားကိုင်ထားသော အမျိုးသားတစ်ဦးက ကျောင်းဝင်းအတွင်း ဝင်ခုတ်မှုကြောင့် ကလေးနှစ်ဦး သေဆုံးခဲ့ရသည်။ ပြီးခဲ့သည့်နှစ်ကလည်း တရုတ်နိုင်ငံ အရှေ့ပိုင်းတွင် မူကြိုကျောင်းရှေ့တွင် ကလေးကြိုရန် စုဝေးနေသည့် လူများအနီး အမျိုးသားတစ်ဦးက ပေါက်ကွဲပစ္စည်းဖြင့် ဖောက်ခွဲမှုကြောင့် ရှစ်ဦး သေဆုံးခဲ့ရဖူးသည်။
















