သမ္မတထရမ့်က ခန့်အပ်ရန် အမည်စာရင်းတင်သွင်းခဲ့ပြီး အတိတ်က အမျိုးသမီးအချို့ကို လိင်မှုစော်ကားခဲ့ကြောင်း စွပ်စွဲမှုများပေါ်ထွက်လာကာ ရက်ပေါင်းများစွာ အခြေအတင်ငြင်းခုန်ခဲ့ပြီးနောက် ဘရက်ကာဗာနော့ကို အမေရိကန် တရားရုံးချုပ်တရားသူကြီးတစ်ဦးအဖြစ် အမေရိကန်အထက်လွှတ်တော်က အတည်ပြုခန့်အပ်လိုက်ပြီဖြစ်သည်။
မဲခွဲဆုံးဖြတ်ရာတွင် မဲ ၅၀၊ ၄၈ မဲဖြင့် အတည်ပြုနိုင်ခဲ့ပြီးနောက် အသက် ၅၃ နှစ်အရွယ် ရှေးရိုးစွဲဝါဒီ ဘရက်ကာဗာနော့သည် ၄င်းအနားမယူလိုပါက ရာသက်ပန်အမှုထမ်းနိုင်သည့် တရားရုံးချုပ်တရားသူကြီးအဖြစ် အောက်တိုဘာ ၆ ရက်၌ ကျမ်းသစ္စာကျိန်ဆိုနိုင်ခဲ့သည်။ ယင်းအချိန်၌ လွွှတ်တော်အပြင်ဘက်တွင် ကာဗာနော့အား ပြစ်တင်ရှုတ်ချသံများ ပေါ်ထွက်နေဆဲဖြစ်သည်။
၄င်းအနေဖြင့် အမှားအယွင်းမပြုခဲ့ကြောင်း ကာဗာနော့ငြင်းဆန်ခဲ့သည့် စွပ်စွဲမှုများအပေါ် အက်ဖ်ဘီအိုင်က ၁၁ နာရီကြာ စုံစမ်းစစ်ဆေးခဲ့ပြီးနောက် ၄င်းအားစွပ်စွဲချက်မှ ကင်းလွတ်ခွင့်ပြုလျက် ခန့်အပ်ရန် ရီပတ်ဘလီကန် အားကောင်းသည့် အထက်လွွှတ်တော်အမတ် အများစုကဆုံးဖြတ်ခဲ့သည်။
၄င်းအား ခန့်အပ်နိုင်ခြင်းသည် နိုဝင်ဘာတွင်ကျင်းပမည့် သက်တမ်းဝက်ရွေးကောက်ပွဲများတွင် သမ္မတထရမ့် နိုင်ငံရေးအရအောင်ပွဲရရေးဦးတည်နေကြောင်း သတင်းများက ဖော်ပြခဲ့သည်။ ထို့အပြင် တရားသူကြီးကိုးဦးရှိသည့် တရားရုံးချုပ်တွင် ရှေးရိုးစွဲများ ပိုမိုအားကောင်းလာမည်ဖြစ်သည်။
အငြိမ်းစားယူသွားသည့် တရားသူကြီး အန်တိုနီကနေဒီ နေရာတွင် အစားထိုးခန့်အပ်ခြင်းခံရသည့် ကာဗာနော့သည် ဒီမိုကရက်များ၏ ကြောက်မက်ဖွယ်တိုက်ခိုက်မှုခံခဲ့ရခြင်းဖြစ်ကြောင်း သမ္မတထရမ့်က ပြောဆိုခဲ့သည်။ ကာဗာနော့က လိင်မှု အနိုင်ကျင့်ရန်ကြိုးပမ်းခဲ့ဖူးကြောင်း ပထမဆုံးစွပ်စွဲခဲ့သူ ပါမောက္ခ ခရစ္စတင်းဘလာဆေဖို့ဒ်သည် လူမှားခြင်းသာဖြစ်မည်ဟု ထရမ့်က မှတ်ချက်ချခဲ့သည်။

















