ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ရပ်ဆိုင်းရန် နော်ရူးကျွန်း အာဏာပိုင်များထံမှ ညွှန်ကြားချက် ရရှိထားကြောင်း နယ်စည်းမခြား ဆရာဝန်များအဖွဲ့ အမ်အက်စ်အက်ဖ်က ထုတ်ပြန်ပြောကြားသည်။
နော်ရူးကျွန်းခံများကိုသာမက နော်ရူးတွင် သြစတြေးလျက ဖွင့်လှစ်ထားသော ထိန်းသိမ်းရေးစခန်းများတွင် နေထိုင်နေသည့် ခိုလှုံသူများကိုပါ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးခဲ့သည်မှာ ၁၁ လတိုင်တိုင် ရှိခဲ့ပြီဖြစ်ကြောင်း အမ်အက်ဖ်အက်စ်က ပြောသည်။ ၄င်းတို့၏ လုပ်ငန်းများသည် အများပြည်သူ ကျန်းမာရေးစောင့်ရှောက်ရန်အတွက်သာ ဖြစ်သောကြောင့် နော်ရူးကျွန်း အစိုးရအနေဖြင့် အမိန့်ကို ပြန်လည်စဉ်းစားရန် အမ်အက်ဖ်အက်စ်က တိုက်တွန်းဆော်သြထားသည်၊
သြစတြေးလျသို့ ရေကြောင်းမှတစ်ဆင့် လှေများဖြင့် ကူးဝင်ခိုလှုံရန် ကြိုးပမ်းသူများကို သြစတြေးလျ အစိုးရက ကြားဖြတ်တားဆီးကာ နော်ရူးကျွန်းတွင် ထိန်းသိမ်းရေးစခန်း ဖွင့်လှစ်ပြီး ထိန်းသိမ်းထားခြင်း ဖြစ်သည်။ ထိုမူဝါဒကြောင့် သြစတြေးလျသို့ ခိုလှုံရန်ကြိုးပမ်းရင်း ပင်လယ်ပြင်တွင် သေဆုံးရမှုများကို လျှော့ချနိုင်ခဲ့သည်ဟု သြစတြေးလျ အစိုးရက ဆိုထားသော်လည်း ပြင်းထန်သည့် လူဝင်မှုကြီးကြပ်ရေး မူဝါဒများကြောင့် သြစတြေးလျ အစိုးရသည် ဝေဖန်ခံရလျက်ရှိသည်။
နော်ရူးကျွန်း ထိန်းသိမ်းရေးစခန်းများသည် ထိန်းသိမ်းခံများကို လူ့အခွင့်အရေး အဆင့်အတန်းမမီစွာ ထိန်းသိမ်းထားမှုများအတွက် ဝေဖန်ခံခဲ့ရသည်။ အထူးသဖြင့် ထိန်းသိမ်းရေးစခန်းများရှိ ကလေးများ၏ အခြေအနေသည် များစွာ စိုးရိမ်စရာကောင်းနေကြောင်း သြစတြေးလျ ဆေးဘက်ဆိုင်ရာ အသင်း ဥက္ကဋ္ဌ တိုနီ ဘာတန်က ပြောသည်။
အမ်အက်ဖ်အက်စ်၏ ကျန်းမာရေးဝန်ဆောင်မှုများကို ထပ်မံမလိုအပ်တော့သဖြင့် လုပ်ငန်းများ ရုပ်သိမ်းကာ နိုင်ငံမှ ၂၄ နာရီအတွင်း ထွက်သွားရန် နော်ရူးကျွန်း အစိုးရက အကြောင်းကြားစာ ပေးပို့ထားကြောင်း အမ်အက်ဖ်အက်စ်က ကြေညာချက် ထုတ်ပြန်ထားသည်။
နော်ရူးကျွန်းသည် ပစိဖိတ်သမုဒ္ဒရာအတွင်း သြစတြေးလျ အရှေ့မြောက်ပိုင်းတွင် တည်ရှိသည်။
အမ်အက်ဖ်အက်စ်ထံတွင် ကျန်းမာရေး စောင့်ရှောက်မှု ခံယူနေရသည့် လူနာများအတွက် စိုးရိမ်စရာဖြစ်သောကြောင့် လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခွင့်ပေးရန် အမ်အက်ဖ်အက်စ်က နော်ရူးကျွန်း အစိုးရထံ လျှောက်ထားကြောင်းလည်း သိရသည်။

















