မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၂၀၁၈ ကမ္ဘာ့ဘိလိယက်နှင့် စနူကာချန်ပီယံရှစ်ပြိုင်ပွဲနှင့်ပတ်သက်သည့် အကြိုသတင်းစာရှင်းလင်းပွဲအခမ်းအနားကို အောက်တိုဘာ ၇ရက် နံနက် ၁၀နာရီက အောင်ဆန်းကွင်းရှိ ဘိလိယက်နှင့်စနူကာအဖွဲ့ချုပ်၌ ကျင်းပခဲ့သည်။
ခန့်မှန်းထား
အဆိုပါအခမ်းအနားသို့ ဘိလိယက်နှင့်စနူကာအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာမင်းနိုင်နှင့်ဒုတိယဥက္ကဋ္ဌများ၊ ပြိုင်ပွဲအောင်နိုင်ရေးအတွင်းရေးမှူး ဦးသိန်းဟန်၊အတွင်းရေးမှူး ဦးခင်မောင်ဦးနှင့် တာဝန်ရှိသူများ ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြသည်။ အဆိုပြိုင်ပွဲကို နိုဝင်ဘာ ၁၂ရက်မှ ၂၇ရက်အထိ တောင်ဥက္ကလာမြို့နယ်ရှိ Grand Mecure ဟိုတယ်၌ ကျင်းပမည်ဖြစ်ပြီး နိုင်ငံပေါင်း ၄၀မှ ကစားသမားစုစုပေါင်း ၂၀ဝခန့် ဝင်ရောက်ယှဉ်ပြိုင်ရန် ခန့်မှန်းထားသည်။
စာရင်းပေးသွင်း
လက်ရှိအချိန်အထိ ပြိုင်ပွဲအားဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားသည့် နိုင်ငံ ၁၃နိုင်ငံရှိပြီး ၎င်းတို့မှာ ဗြိတိန်၊ချက်ဇ်၊ဂျာမနီ၊ ရိုမေနီးယား၊ သြစတြေးလျ၊ အိုင်ယာလန်၊ နယူးဇီလန်၊ ပိုလန်၊ အိန္ဒိယ၊ တောင်အာဖရိက ၊ ဘယ်လ်ဂျီယံ၊ ဆွီဒင်၊ သြစတြီးယား စသည့် နိုင်ငံများဖြစ်ကြပြီး ကစားသမား ၆၀ဦးပါဝင် ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားသည်။ပြိုင်ပွဲစာရင်းပိတ်ရက်ကို အောက်တိုဘာ ၂၈ရက်အထိသတ်မှတ်ထား၍ ပြိုင်ပွဲဝင်နိုင်ငံအရေအတွက် ထပ်မံများပြားဦးမည်ဟုလည်း သိရသည်။
ကုန်ကျစရိတ်
အဆိုပါပြိုင်ပွဲအတွက် ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ နှစ်သိန်းခန့်ရှိမည်ဟု ခန့်မှန်းထားသော်လည်း လက်ရှိအချိန်အထိ ယင်းကုန်ကျစရိတ်၏ ထက်ဝက်ခန့်သာ ရရှိထားသေးကြောင်း ဘိလိယက်နှင့်စနူကာအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါက်တာ မင်းနိုင်က ပြောဆိုခဲ့သည်။ " ဒီပြိုင်ပွဲအတွက် ကုန်ကျစရိတ်ကို ကျန်မားရေးနဲ့ အားကစားဝန်ကြီးဌာနက တစ်ချို့တဝက်ကျခံပေးပါတယ်။ ဒါပေမဲ့ပြိုင်ပွဲကုန်ကျစရိတ်က ဒေါ်လာနှစ်သိန်းလောက်ကုန်ပါလိမ့်မယ်။ လက်ရှိအချိန်ထိတော့ ကုန်ကျစရိတ်တဝက်စာလောက်ပဲ ရပါသေးတယ်။ ဒီလိုကမ္ဘာ့အဆင့်ပြိုင်ပွဲကြီးကို အောင်မြင်အောင်ကျင်းပနိုင်ရင် နိုင်ငံ့အတွက် ဂုဏ်သိက္ခာတက်စေမှာဖြစ်လို့ ဘယ်လိုအခက်အခဲမျိုးပဲကြုံရပါစေ အောင်မြင်အောင်လုပ်ဆောင်သွားမှာပါ။ မြန်မာ့အားကစားကို ချစ်မြတ်နိုးတဲ့လုပ်ငန်းရှင်တွေအနေနဲ့လည်း ပါဝင်ကူညီကြမယ်လို့ မျှောင်လင့်ထားပါတယ်"ဟု ဒေါက်တာမင်းနိုင်က ဖွင့်ဟခဲ့သည်။
ချီးမြှင့်မည်
မြန်မာနိုင်ငံမှ အဆိုပါပြိုင်ပွဲအား ကစားသမား ၂၂ဦးဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ဘိလိယက်ပြိုင်ပွဲ၌ နာမည်ကြီး ကစားသမားများဖြစ်သည့် အောင်ဌေးနှင့်နေသွေးဦးတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။ ထို့ပြင် စနူကာပြိုင်ပွဲ၌လည်း အောင်ဖြိုးနှင့် ကိုထက်တို့ ယှဉ်ပြိုင်မည်ဖြစ်ပြီး ချန်ပီယံဆုရရှိခဲ့ပါက မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာအဖွဲ့ချုပ်မှ ကစားသမားတစ်ဦးလျှင် ကျပ်သိန်း ၁၀ဝနှင့် သိန်း ၃၀ဝတန်ကားတစ်စီး ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။















