မြန်မာ့လက်ရွေးစင်အသင်းနှင့် အောက်တိုဘာ ၁၃ရက်တွင် ခြေစမ်းမည့် ဘိုလီဗီးယားလက်ရွေးစင်အသင်း လူစာရင်းအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ကြေညာခဲ့သည်။
ထုတ်ပြန်ပေးမည်
အဆိုပါခြေစမ်းပွဲအတွက် ဘိုလီဗီးယားလက်ရွေးစင်အသင်းမှ အုပ်ချုပ်၊နည်းပြအဖွဲ့ဝင် ၁၁ ဦးနှင့် ကစားသမား ၂၅ဦး၊စုစုပေါင်း ၃၆ဦးလိုက်ပါလာကြမည်ဖြစ်သော်လည်း ထုတ်ပြန်ကြေငြာခဲ့သည့် ကစားသမားဦးရေမှာ ၂၃ဦးသာပါဝင်လာခဲ့သည်။ ကျန်ရှိသည့် ကစားသမားနှစ်ဦးအမည်ကို လတ်တလောအတည်ပြုနိုင်ခြင်းမရှိသေးဘဲ ထပ်မံ၍ သတင်းထုတ်ပြန်ပေးမည်ဟု သိရသည်။
ပါဝင်လာခဲ့
မြန်မာ့လက်ရွေးစင်အသင်းနှင့် ခြေစမ်းမည့် ဘိုလီဗီးယားလက်ရွေးစင်အသင်းတွင် ပြီးခဲ့သည့်နှစ်က ကျင်းပခဲ့သည့် တောင်အမေရိကဇုန်ကမ္ဘာ့ဖလားခြေစစ်ပွဲ၌ အာဂျင်တီးနားအသင်းကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့် ပွဲထွက်စာရင်းနှင့် ဘရာဇီးအသင်းကို ဂိုးမရှိသရေကစားခဲ့သည့် ပွဲထွက်စာရင်းမှ ကစားသမားများလည်း ပါဝင်လာခဲ့သည်။
တာဝန်ယူလျက်ရှိ
ဘိုလီဗီးယားလက်ရွေးစင်အသင်းကို နည်းပြချုပ်အဖြစ် ဗင်နီဇွဲလားနိုင်ငံသား ဆီဇာဖာရစ်က တာဝန်ယူလျက်ရှိပြီး ဘိုလီဗီးယားအသင်းသည် ယခုနှစ်အတွင်း ခြေစမ်းပွဲ ၆ ပွဲ ကစားထားခဲ့ရာ သုံးပွဲသရေ၊ သုံးပွဲရှုံးနိမ့်ထားသည်။ ယင်းခြေစမ်းပွဲ ၆ပွဲအနက် အာရှဒေသမှ တောင်ကိုရီးယားအသင်းကို ဂိုးမရှိသရေ၊ ဆော်ဒီအာရေဗျအသင်းကို နှစ်ဂိုးစီသရေကစားထားသည်။
ထိန်းချုပ်ရဖွယ်ရှိ
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ထုတ်ပြန်ကြေငြာခဲ့သည့် ဘိုလီဗီးယားကစားသမားစာရင်းတွင် တရုတ် စူပါလိဂ်ကလပ် ဝူဟမ်းဇယ်အသင်းတွင် ကစားနေသည့် တိုက်စစ်မှူး မာဆယ်လို မိုရီနို၊ဆော်ဒီကလပ် အယ်လ်ဟာဇမ်အသင်းတွင် ကစားနေသည့် ဂီလ်ဘာတို အယ်လ်ဗာရက်ဇ်တို့ကို မြန်မာအသင်းသတိထား ထိန်းချုပ်ရဖွယ်ရှိနေသည်။
မြန်မာအသင်းနှင့်ခြေစမ်းမည့် ဘိုလီဗီးယားလူစာရင်းမှာ ဂိုး- ကာလိုစ် လမ်ပီ၊ ဂူလာမို ဗစ်ကာရာ၊ နောက် - လူးဝစ် ဟာကွင်၊ ကာလိုစ် အန်းနက်စ်၊ ဂျော်ဒီ ကန်ဒီယာ၊ ဂျိုစ် ဆာဂရီဒို၊ ဂါဗရယ် ဗလ်ဗာဒီ၊ ဂျူအန် ရီဘာရာ၊ဟယ်ရီ ဆက်ပီဒက်စ်၊ ရူနီ မွန်တဲရိုး လယ် - ရူဒီ ကာဒိုဇို၊ ဒီယေဂို ဝီယာ၊ ကာလိုစ် မဲလ်ဂါ၊ အက်ဒွင် ဆေဗားဒါး၊ ခရစ္စတီယန် အရာနို၊ မွိုင်ဆက် ဗီလာရိုအာ၊ ဂျက်စ်မာနီ ကမ်ပိုစ်၊ ဂါဘရီလ်လီ ရိုက်ချ်၊ လီယွန်နယ် ဂျက်စတင်နီယာနို၊ ရှေ့- မာဆယ်လို မိုရီနို၊ ဟင်နရီ ဗာကာ၊ လီယိုနာဒို ဗာကာ၊ ဂီလ်ဗတ် အဲဗာရက် တို့ဖြစ်သည်။















