ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပနေသည့် JENESYS 2018 Japan-Mekong ယူ-၁၇ ဘောလုံးပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲအဖြစ် မြန်မာနှင့် ကမ္ဘောဒီးယားအသင်းတို့ အောက်တိုဘာ ၇ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ခဲ့ရာ နှစ်ဂိုး ဂိုးမရှိဖြင့် မြန်မာအသင်း ရှုံးနိမ့်ခဲ့သည်။
ဂိုးကွာခြားချက်
မြန်မာအသင်းသည် ကမ္ဘောဒီးယားအသင်းကို ဂိုးပြတ်အနိုင်ရမှ အုပ်စုဗိုလ်နေရာအတွက် မျှော်လင့်ချက်ရှိမည်ဖြစ်သော်လည်း မထင်မှတ်ပဲ ရှုံးနိမ့်ခဲ့၍ အုပ်စုတတိယနေရာသာ ရရှိခဲ့သည်။ အခြားအုပ်စုတွင်းပွဲစဉ်တွင် ဂျပန်အသင်းမှာ ဗီယက်နမ်အသင်းကို လေးဂိုး တစ်ဂိုးဖြင့် အနိုင်ရခဲ့၍ အုပ်စုဗိုလ်ဖြင့် ဗိုလ်လုပွဲယှဉ်ပြိုင်ရမည်ဖြစ်သည်။ မြန်မာနှင့် ဗီယက်နမ်အသင်းတို့မှာ ရမှတ်တူညီသော်လည်း ဂိုးကွာခြားချက်ကြောင့် ဗီယက်နမ်အသင်းက အုပ်စုဒုတိယနေရာ ရရှိခဲ့သည်။
အားပေးနှုတ်ဆက်
မြန်မာအသင်းသည် အုပ်စု တတိယနေရာ ရရှိခဲ့သဖြင့် တစ်ဖက် အုပ်စု(က)မှ bellmare အသင်းနှင့် အဆင့်(၅) နေရာအတွက် အောက်တိုဘာ ၈ ရက်(ယနေ့) နံနက်ပိုင်းတွင် ထပ်မံ ယှဉ်ပြိုင်ရမည် ဖြစ်သည်။ ဆက်စပ်သတင်းများအရ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့်အဖွဲ့သည် ဂျပန်-မဲခေါင်ဖိတ်ခေါ်ပြိုင်ပွဲ ယှဉ်ပြိုင်ကစားလျက်ရှိသည့် မြန်မာယူ-၁၇အသင်းကို အောက်တိုဘာ ၇ရက် နံနက်ပိုင်းက သွားရောက်တွေ့ဆုံ အားပေးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။















