စာရေးဆရာ မောင်သွေးချွန်ကို ပုဒ်မ ၅၀၅ (ဂ)အရ အမြင့်ဆုံးထောင်ဒဏ် ၂ နှစ်ချမှတ်

စာရေးဆရာ မောင်သွေးချွန်ကို ပုဒ်မ ၅၀၅ (ဂ)အရ အမြင့်ဆုံးထောင်ဒဏ် ၂ နှစ်ချမှတ်

မြန်မာနိုင်ငံသည် ကိုလိုနီ နိုင်ငံအဖြစ် နှစ်ပေါင်း ၇ဝ ကြာ သိမ်းပိုက်ခံရပြီးနောက် ဒုတိယအကြိမ် အသိမ်းခံရပါက ဘာသာ၊ လူမျိုးနှင့် နိုင်ငံပါ ဆုံးရှုံးနိုင်ကြောင်း ထည့်သွင်းဟောပြောခဲ့သည့် အမျိုးသားရေး စာရေးဆရာ မောင်သွေးချွန်ကို ပုဒ်မ ၅၀၅ (ဂ)အရ ယနေ့ (အောက်တိုဘာ ၈ ရက်နေ့ )တွင် မင်းကင်း မြို့နယ် တရားရုံးက အမြင့်ဆုံးထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ကြောင်း သိရသည်။ 

ယခုနှစ် မတ် ၂၅ ရက်က မင်းကင်းမြို့နယ် ကျောက်တန်းကျေးရွာတွင် ပြုလုပ်ခဲ့သည့် အမျိုးသား ရေး ဆရာတော်တစ်ပါး၏ မွေးနေ့ပူဇော်ပွဲတွင် စာရေးဆရာမောင်သွေးချွန်၏ ဟောပြော ချက်များသည် နိုင်ငံတော်အကြီး အကဲများအပေါ် အကြည်ညိုပျက်စေသည်ဟုဆိုကာ မင်းကင်းမြို့နယ် ဒုတိယ အုပ်ချုပ် ရေးမှူး ဦးနိုင်နိုင်ဇော်က ပုဒ်မ၅၀၅(ခ)(ဂ)အရ ဦးတိုက်လျှောက်ထားမှုကို တရားရုံးက လက်ခံစစ်ဆေးပြီး မင်းကင်းမြို့နယ်တရားရုံးက မေ ၂၁ ရက်တွင် သက်ဆိုင်ရာသို့ စုံစမ်းစစ်ဆေးပေးရန် ညွှန်ကြားခဲ့သည်။ပြီးနောက် ဇွန် ၂၅ ရက်တွင် မင်းကင်းမြို့နယ်တရားရုံးသို့ လာရောက်စဉ် သက်ဆိုင်ရာက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် ကိုလိုနီ နိုင်ငံအဖြစ် နှစ်ပေါင်း ၇ဝ ကြာ သိမ်းပိုက်ခံရပြီးနောက် ဒုတိယအကြိမ် အသိမ်း ခံရပါက ဘာသာ၊ လူမျိုးနှင့် နိုင်ငံပါ ဆုံးရှုံးနိုင်ကြောင်း မောင်သွေးချွန်(ခ) ဦးမြင့်စိုးက အဆိုပါ ပူဇော်ပွဲတွင် ထည့်သွင်းဟောပြောခဲ့ခြင်းဖြစ်သည်။ 
ထိုသို့ ဟောပြောခြင်းသည် နိုင်ငံတော်ကို အကြည်ညိုပျက်အောင် ဟောပြောနေခြင်း မဟုတ်ဘဲ သတင်း စာများတွင် ဖော်ပြရေးသားနေသကဲ့သို့ ပုံမှန်အတိုင်း ဖြစ်စဉ်အမှန်တရားများကိုသာ ပြောဆို ခဲ့ခြင်းဖြစ်ပြီး အစိုးရကိုအကြည်ညိုပျက်အောင် ဖန်တီးပြောဆိုခြင်း မဟုတ်ကြောင်း မောင်သွေးချွန်က ဖမ်းဆီးမခံရမီ ဇွန် ၂၅ ရက်နေ့က မြန်မာတိုင်းမ်သို့ ပြောကြားခဲ့သည်။ 

ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ဂ) တွင် ''မည်သူမဆို၊ဖော်ပြချက်ကိုဖြစ်စေ၊ကောလာဟလကိုဖြစ်စေ၊သတင်းကိုဖြစ်စေပြုရာတွင်၊သို့တည်းမဟုတ်၊ထုတ်ပြန်ကြေညာရာတွင်၊သို့တည်းမဟုတ် ဖြန့်ချီရာတွင် လူအမျိုးအစားအချင်းချင်းဖြစ်စေ၊လူမျိုးစုအချင်းချင်းဖြစ်စေ တစ်ဘက်နှင့်တစ်ဘက် ပြစ်မှုကျူးလွန်အောင်လှုံ့ဆော်ရန်အကြံရှိလျှင် သို့တည်းမဟုတ် အဆိုပါ လှုံ့ဆော်ခြင်းကိုဖြစ်စေတန်ရာသည့် အကြောင်းရှိလျှင် ထိုသူကို နှစ်နှစ်ထိထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ငွေဒဏ်ဖြစ်စေ၊ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည်။''ဟု ပြဌာန်းထားခြင်းဖြစ်သဖြင့် မင်းကင်း မြို့နယ် တရားရုံးက ချမှတ်ခဲ့သည့် ထောင်ဒဏ်သည် အမြင့်ဆုံးထောင်ဒဏ်ဖြစ်သည်ကို တွေ့ရှိရသည်။

နိုင်ငံတော်သံဃမဟာနာယက အဖွဲ့က တရားမဝင်အသင်းအဖြစ်ကြေညာပြီး ဖျက်သိမ်းခဲ့သော ယခင်အမျိုးဘာသာ၊ သာသနာ စောင့်ရှောက် ရေး (မဘသ) အဖွဲ့တွင် စာရေးဆရာမောင်သွေးချွန်က ဦးဆောင်ပါဝင်ခဲ့သူတစ်ဦးဖြစ်သည်။ ထို့ပြင် အမျိုးသားရေးဂျာနယ်ဖြစ်သော သာကီသွေးဂျာနယ်၏ အယ်ဒီတာချုပ်တစ်ဦးအဖြစ်လည်း ဆောင်ရွက်နေသူဖြစ်သည်။ ၂ဝ၁၇ခုနှစ်တွင် မဘသအဖွဲ့ ဖျက်သိမ်းပြီးနောက် အမျိုးသားရေး ပါတီသစ်တစ်ရပ်ကို ထူထောင်ရန် ကြိုးပမ်းခဲ့ရာ ပါတီစည်းကမ်းနှင့် မညီညွတ်ဟု ဆိုကာ ရွေးကောက်ပွဲကော်မရှင်က လက်မခံခဲ့သဖြင့် မအောင်မြင်ခဲ့ပေ။ 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး