ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် လက်ရှိဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် ၂၄ နာရီအတွင်း အားကောင်းလာကာ အပူပိုင်းမုန်တိုင်းငယ်အဖြစ်ရောက်ရှိလာပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်အချို့တွင် မိုးကြီး၍ လှိုင်းကြီးမည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အောက်တိုဘာ ၈ ရက်က ထုတ်ပြန်ထားသည်။
အဆိုပါ မုန်တိုင်းငယ်၏အရှိန်ကြောင့် အောက်တိုဘာ ၉ ရက်မှ ၁၃ ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေ သကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက်နှင့် နေရာ ကွက်၍ မိုးကြီးနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်း များကျရောက်ပြီး၊ လှိုင်းကြီးမည်ဖြစ်ကြောင်း မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်(၉)ပေမှ (၁၂)ပေခန့်နှင့် မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် (၆)ပေမှ (၉)ပေခန့် ရှိနိုင်ကြောင်း ထုတ်ပြန်ထားသည်။
ယင်းကြောင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်း ရေယာဉ်များ၊ သင်္ဘောများအနေဖြင့် ကြိုတင်သတိပြုသွားလာရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
















