အင်ဒိုနီးရှားနိုင်ငံတွင် မကြာသေးမီကဖြစ်ပွားခဲ့သည့် ဆူနာမီဒီရေလှိုင်းကြောင့် သေဆုံးခဲ့ရသူများအတွက် ရည်စူး၍ အောက်တိုဘာ ၁၀ရက်တွင် ကစားမည့် အင်ဒိုနီးရှားနှင့် မြန်မာအသင်းတို့၏ ခြေစမ်းပွဲမတိုင်မီ ဝမ်းနည်းခြင်းအထိမ်းအမှတ် တစ်မိနစ်ငြိမ်သက်မည်ဖြစ်ကြောင်း သိရသည်။
အထိမ်းအမှတ်
ပြီးခဲ့သည့် စက်တင်ဘာ ၂၈ရက်က အင်ဒိုနီးရှားနိုင်ငံ၌ ပြင်းအား ၇ ဒသမ ၅ အဆင့်ရှိ ငလျင်ကြီးလှုပ်ခတ်ခဲ့၍ ဆူနာမီဒီရေလှိုင်းများရိုက်ခတ်ခဲ့ရာ သေဆုံးသူထောင်ဂဏန်းအထိရှိခဲ့ပြီး ဒဏ်ရာရသူရာပေါင်းများစွာရှိခဲ့သည်။ " ဆူနာမီကြောင့် သေဆုံးထိခိုက်ဒဏ်ရာရတဲ့သူတွေအတွက် ရည်းစူးပြီး အင်ဒိုနဲ့မြန်မာပွဲမတိုင်မီမှာ ဝမ်းနည်းခြင်းအထိမ်းအမှတ် တစ်မိနစ်ငြိမ်သက်သွားမှာပါ" ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ထုတ်ဖော်ပြောဆိုခဲ့သည်။
ပူးတွဲလေ့ကျင့်
မြန်မာ့လက်ရွေးစင်အသင်းသည် ခြေစမ်းပွဲကစားရန်အတွက် အောက်တိုဘာ ၈ရက် နံနက်ပိုင်းတွင် အုပ်ချုပ်၊နည်းပြအဖွဲ့ဝင် ၁၀ဦးအပါအဝင် ကစားသမား ၂၀ဦးတို့ဖြင့် အင်ဒိုနီးရှားနိုင်ငံသို့ထွက်ခွာခဲ့သည်။ မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် အန်တွမ်နီဟေးလ်သည် ဆူဇူကီးပြိုင်ပွဲအတွက် လေ့ကျင့်ပေးလျက်ရှိသည့် ပဏာမကစားသမား ၂၇ ဦးအနက် ၂၀ဦးကို အင်ဒိုနီးရှားနှင့်ပွဲအတွက် ရွေးချယ်ခဲ့သည်။ ကျန်ရှိသည့်ကစားသမား ၇ဦးမှာ ဘုန်းသစ္စာမင်း(ဂိုး)၊ သီဟထက်အောင်၊ ပြည့်ဖြိုးဇော်၊ ရဲရင့်အောင်၊ အီစိုး၊အောင်သူ၊မြတ်ကောင်းခန့်တို့ဖြစ်ကြပြီး ၎င်းတို့မှာ မြန်မာယူ-၂၁အသင်းနှင့် ပူးတွဲလေ့ကျင့်မှုများ ပြုလုပ်မည်ဖြစ်သည်။
ပါဝင်လာနိုင်ဖွယ်ရှိ
တိုက်စစ်မှူးအောင်သူမှာ လက်ကောက်ဝတ်အရိုးအက်ဒဏ်ရာရနေသဖြင့် အင်ဒိုနီးရှားနှင့် ခြေစမ်းပွဲတွင် ပါဝင်နိုင်ခဲ့ခြင်းမရှိဘဲ အောက်တိုဘာ ၁၁ရက်မှသာ အသင်းနှင့် ပူးပေါင်းနိုင်မည်ဖြစ်သည်။ ၎င်း၏ဒဏ်ရာမှာ ပြင်းထန်ခြင်းမရှိ၍ အောက်တိုဘာ ၁၃ရက်၌ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်မည့် ဘိုလီဗီးယားအသင်းနှင့် ခြေစမ်းပွဲ၌ ပါဝင်လာနိုင်ဖွယ်ရှိနေသည်။
ရုပ်သံမှပြသမည်မဟုတ်
အင်ဒိုနီးရှားနှင့် မြန်မာအသင်းတို့၏ ခြေစမ်းပွဲကို အင်ဒိုနီးရှားနိုင်ငံ၊ ဆီကာရမ်မြို့ရှိ ဝီဘာဝမူကစ်ကွင်း၌ အောက်တိုဘာ ၁၀ ရက် မြန်မာစံတော်ချိန် ညနေ ၆းဝ၀ နာရီတွင် ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။ ဆက်စပ်သတင်းများအရ အဆိုပါခြေစမ်းပွဲကို အကြောင်းအမျိုးမျိုးကြောင့် ရုပ်သံမှ တိုက်ရိုက်ပြသနိုင်မည်မဟုတ်ကြောင်း သိရပြီး အွန်လိုင်းမှသာ တိုက်ရိုက်ပြသနိုင်ဖွယ်ရှိနေသည်။















