မိုးကုတ်မြို့နယ်တွင် ဘိန်းစိမ်း သိန်း ၇၅၀ ဖိုးခန့်ကို ဆိုင်ကယ်ဖြင့်သယ်ဆောင်လာသူ ၅ ဦးက ခုခံရန်ပြုသဖြင့် သတိပေးပစ်ခတ်ဖမ်းဆီးခဲ့ရမှု အောက်တိုဘာ ၇ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အောက်တိုဘာလ ၇ ရက်နေ့ နံနက် ၈ နာရီ မိနစ် ၃၀ တွင် မိုးကုတ်မြို့ နယ်လယ်ကြီးတံတားရဲကင်းမှူး ရဲအုပ် လှနေအောင် ဦးစီးအဖွဲ့သည် ရဲကင်းရှေ့၌ ဆိုင်ကယ်(၅)စီးကို စစ်ဆေးရန် တားဆီးစဉ် ထွက်ပြေးသွားခဲ့သဖြင့် မိုးကုတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မင်းခိုင် ဦးစီးအဖွဲ့ က ပိတ်ဆို့ရှာဖွေခဲ့သည်။
ထိုသို့ရှာဖွေစဉ် အဖြူရောင်နှင့် ညောင်ကုန်းကျေးရွာကြား၌ ဆိုင်ကယ်(၅)စီးနှင့်အတူ အမျိုးသား ၅ ဦးကို တွေ့ရှိဖမ်းဆီးခဲ့ရာ ၄င်းတို့က တုတ်/ခဲတို့ဖြင့် ပြန်လည်ခုခံရန်ပြုသဖြင့် ရဲတပ်ဖွဲက သတိပေးပစ်ခတ်ဖမ်းဆီးခဲ့သည်။ ယင်းသို့ဖမ်းဆီးရာ မျိုးလွင်ဝင်း(၂၁)နှစ်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့မောင်းနှင်လာသော ဆိုင်ကယ် ၃ စီးပေါ်မှ ဆာလာအိတ်ဖြင့် ထည့်ထားသော ဘိန်းစိမ်း ၅၀ ကီလို(၁ ကီလိုလျှင် ကျပ် ၁၅ သိန်းနှုန်းဖြင့် တန်ဖိုးကျပ် ၇၅၀ သိန်း) ကို သိမ်းဆည်းရမိခဲ့သောကြောင့် အရေးယူပေးရန် တိုင်ကြားခဲ့သည်။
မိုးကုတ်မြို့မရဲစခန်းက မူးယစ် (ပ)၁၂၆/၁၈၊ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/၂၁ အရ အမှုဖွင့်အရေးယူထားသည်။

















