အမေရိကန်ပြည်ထောင်စုတွင် မွေးနေ့ပါတီတစ်ခု သွားရောက်ကျင်းပရန် စုံတွဲများစွာကို တင်ဆောင်လာသည့် ဖို့ဒ် အိပ်စ်ကားရှင်း ဧရာမဇိမ်ခံကားကြီးတစ်စီးသည် လမ်းဆုံတစ်ခုတွင် ရပ်တန့်နိုင်ခြင်းမရှိဘဲ ဖြတ်သန်းခဲ့ပြီးနောက် ရပ်ထားသည့် အက်စ်ယူဗွီကားတစ်စီးကို ဝင်တိုက်မိကာ တိမ်းမှောက်ခဲ့ရာ ယင်းကားပေါ်ပါ ၁၈ ဦးစလုံးနှင့် ရပ်နေသည့်အခြားနှစ်ဦး စုစုပေါင်း ၂၀ ဦး သေဆုံးခဲ့သည်။
နယူးယောက်ပြည်နယ်တွင် အောက်တိုဘာ ၆ရက်ညက ဖြစ်ပွားခဲ့သည့် ယင်းယာဉ်တိုက်မှုသည် ၂၀ဝ၉ ခုနှစ်နောက်ပိုင်း လူအသေအပျောက်အများဆုံး သယ်ယူပို့ဆောင်ရေးမတော်တဆမှု ဖြစ်သည်။ နယူးယောက်စီးတီးမှ မြောက်ဘက် မိုင် ၁၇၀(ကီလိုမီတာ ၂၇၀)အကွာရှိ စကိုဟာရီလမ်းကြောင်းပေါ်မှ လမ်းဆုံတစ်ခုတွင် မတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ကဖေးနှင့်စတိုးဆိုင်တစ်ခုအနီး တီပုံသဏ္ဍာန်တည်ရှိသည့် ယင်းလမ်းဆုံနေရာသည် လူသေဆုံးသည့် ကားတိုက်မှုတစ်ခုကြောင့် ၂၀ဝ၈ ခုနှစ်တွင် ပြန်လည်ပြင်ဆင်ထားသည့်နေရာ ဖြစ်သည်။
၁၆ ပေကျော် ရှည်လျားပြီး လူ ၂၀ တင်ဆောင်နိုင်သည့် ဖို့ဒ် အိပ်စ်ကားရှင်း ဇိမ်ခံကားပေါ်တွင် ညီအစ်မလေးဦးနှင့် ၄င်းတို့၏ မိတ်ဆွေများ ပါဝင်ပြီး အငယ်ဆုံးမိတ်ဆွေဖြစ်သူ၏ အသက် ၃၀ ပြည့်မွေးနေ့ပွဲပြုလုပ်ရန် ပါတီပွဲကျင်းပမည့်နေရာသို့ သွားရောက်စဉ် မတော်တဆဖြစ်ပြီး ယာဉ်မောင်းသူအပါအဝင် ၁၈ ဦးစလုံး သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ညီအစ်မများ၏ အဒေါ်ဖြစ်သူ ဘာဘာရာဒေါက်ဂလပ်စ်က ပြောဆိုသည်။
အမေရိကန်အမျိုးသားသယ်ယူပို့ဆောင်ရေးလုံခြုံမှုဘုတ်အဖွဲ့မှ ကိုယ်စားလှယ်များသည် အခင်းဖြစ်နေရာသို့ ရောက်ရှိခဲ့ပြီး အဖြစ်အပျက်ကို စုံစမ်းစစ်ဆေးနေပြီဖြစ်သည်။
ကားပေါ်ပါသူများသည် ခါးပတ်ပတ်ထားခြင်း ရှိမရှိ၊ ကား၏ဘရိတ်များအလုပ်ဖြစ်မဖြစ်နှင့် ယာဉ်မောင်းသည် အရှိန်မြှင့် မောင်းနှင်ခဲ့ခြင်းရှိမရှိကိုမူ စုံစမ်းစစ်ဆေးသူများက ပြောဆိုခြင်းမရှိသေးပေ။ ယင်းလမ်းဆုံတွင် အမြန်နှုန်းကန့်သတ်ချက်မှာ တစ်နာရီ မိုင် ၅၀ နှုန်းသာဖြစ်သည်။

















