ပြင်သစ်နိုင်ငံရှိ အင်တာပိုဌာနချုပ်မှ ထွက်ခွာခဲ့ပြီး တရုတ်နိုင်ငံ၌ ပျောက်ဆုံးနေသည်ဆိုသည့် အင်တာပိုအကြီးအကဲ တရုတ်နိုင်ငံသား မင်ဟောင်ဝေကို ထိန်းသိမ်းထားခြင်းဖြစ်ကြောင်း တရုတ်အစိုးရက အတည်ပြုခဲ့သည်။
မည်သည့်ဥပဒေချိုးဖောက်ခဲ့မှုဟု ပြောဆိုခြင်းမပြုသော်လည်း မင်ဟောင်ဝေကို တရုတ်နိုင်ငံ၏ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအဖွဲ့က စုံစမ်းစစ်ဆေးနေကြောင်းလည်း တရုတ်အာဏာပိုင်များက အောက်တိုဘာ ၈ ရက်၌ ထုတ်ပြန်ခဲ့သည်။ မင်ဟောင်ဝေသည် တရုတ်ပြည်သူ့လုံခြုံရေးဌာန ဒုတိယဝန်ကြီးလည်းဖြစ်ကာ ၂၀၁၆ ခုနှစ် နိုဝင်ဘာ၌ (နိုင်ငံတကာရဲတပ်ဖွဲ့) အင်တာပိုဥက္ကဌ အဖြစ် ရွေးချယ်ခံခဲ့ရသည်။
မင်ယောင်ဝေသည် ပြင်သစ်နိုင်ငံ လိုင်ယွန်မှ စက်တင်ဘာ ၂၅ ရက်တွင် တရုတ်သို့ထွက်ခွာခဲ့ပြီးနောက် လူမှုကွန်ရက်မှ တစ်ဆင့် ဓားပုံသဏ္ဍာန် စိတ်လှုပ်ရှားမှုသင်္ကေတတစ်ခု ပေးပို့သည်ကို လက်ခံရရှိခဲ့သေးကြောင်း၊ ယင်းနောက် အဆက်အသွယ်မရတော့ကြောင်း မင်ဟောင်ဝေ၏ဇနီး ဂရေ့စ်မင်က ပြောဆိုခဲ့သည်။ ၂၀၂၀ အထိ ဥက္ကဌရာထူးသက်တမ်းရှိခဲ့သည့် မင်ဟောင်ဝေ၏ရုံးမှ နုတ်ထွက်စာတစ်စောင်ကို လက်ခံရရှိခဲ့ကြောင်း အင်တာပိုက အောက်တိုဘာ ၇ ရက်၌ ပြောဆိုခဲ့သည်။
မင်ဟောင်ဝေသည် တရုတ်တွင် အများမြင်ကွင်းမှ နောက်ဆုံးပျောက်ကွယ်ရသည့် အဆင့်မြင့်ပုဂ္ဂိုလ်ဖြစ်သည်။ ထိပ်တန်းအရာရှိများ၊ ဘီလျံနာများနှင့် ကမ္ဘာကျော်သရုပ်ဆောင်တစ်ဦးပင် လွန်ခဲ့သည့်လများစွာတွင် လူမြင်ကွင်းမှ ပျောက်ကွယ်ခဲ့သည်။ ဇူလိုင်လမှစ၍ ပျောက်ကွက်ခဲ့သည့် သရုပ်ဆောင် ဖန်ပင်းပင်းသည် လွန်ခဲ့သည့်အပတ်က အများပြည်သူသို့တောင်းပန်မှုနှင့်အတူ အခွန်ရှောင်ခဲ့၍ ဒဏ်ကြေး ယွမ် ၈၈၃ သန်း(အမေရိကန်ဒေါ်လာ ၁၂၉ သန်း) ပေးဆောင်ရန် အမိန့်ချမှတ်ခံခဲ့ရသည်။
အင်တာပိုတွင် ဒုတိယဥက္ကဌ တောင်ကိုရီးယားနိုင်ငံသား ကင်ဂျုံယန်ကို တွဲဖက်ဥက္ကဌအဖြစ် တာဝန်ပေးထားပြီး ဥက္ကဌသစ်ရွေးချယ်မှုကို လာမည့်လ ဒူဘိုင်းတွင်ကျင်းပမည့် အင်တာပို၏ အထွေထွေညီလာခံတွင် ရွေးချယ်သွားမည် ဖြစ်သည်။

















