ဘရာဇီးနိုင်ငံတွင် အောက်တိုဘာ ၇ ရက်က ကျင်းပခဲ့သော သမ္မတရာထူးနှင့် ဒေသဆိုင်ရာ ရွေးကောက်ပွဲများတွင် လက်ယာစွန်းဝါဒီ သမ္မတ ကိုယ်စားလှယ်လောင်း ဂျာ ဘိုဆိုနာရိုက ပထမအကျော့၌ အနိုင်ရရှိခဲ့ကြောင်း သိရသည်။
ပထမအကျော့တွင် မဲ ၅၀ ရာခိုင်နှုန်းအထက် ရရှိခြင်းမရှိဘဲ မဲမပြတ်သဖြင့် ဒုတိယအကျော့ ရွေးကောက်ပွဲကို အောက်တိုဘာ ၂၈ တွင် ထပ်မံကျင်းပမည်ဖြစ်ပြီး နေရှင်နယ်ဆိုရှယ် လစ်ဘရယ်ပါတီမှ မစ္စတာ ဘိုဆိုနာရိုသည် လက်ဝဲဝါဒီ လုပ်သားပါတီမှ သမ္မတ ကိုယ်စားလှယ်လောင်း ဖာနန်ဒို ဟတ်ဒတ်နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ပထမအကျော့ ရွေးကောက်ပွဲတွင် မစ္စတာ ဘိုဆိုနာရိုက မဲ ၄၆ ရာခိုင်နှုန်း ရရှိကာ၊ မစ္စတာ ဟတ်ဒတ်က မဲ ၂၉ ရာခိုင်နှုန်း ရရှိခဲ့သော်လည်း မဲ ၅၀ ရာခိုင်နှုန်း ကျော်သူမရှိသဖြင့် ဒုတိယအကျော့ ထပ်မံယှဉ်ပြိုင်ရမည်ဖြစ်သည်။
ရွေးကောက်ပွဲ မတိုင်ခင် သဘောထားစစ်တမ်းများအရ ဒုတိယအကျော့ ယှဉ်ပြိုင်ရမည်ဆိုပါက မစ္စတာ ဘိုဆိုနာရိုနှင့် မစ္စတာ ဟတ်ဒတ်တို့သည် မဲရာခိုင်နှုန်း မတိမ်းမယိမ်း ရရှိနိုင်ကြောင်း အဖြေထွက်ထားသည်။ မစ္စတာ ဘိုဆိုနာရို၏ ဆိုရှယ် လစ်ဘရယ် ပါတီ (ပီအက်စ်အယ်) သည်လည်း ယခင်က မထင်မရှား ပါတီသာ ဖြစ်ခဲ့သော်လည်း ဒေသဆိုင်ရာ ရွေးကောက်ပွဲရလဒ်များအရ လွှတ်တော်အတွင်း အင်အားကြီး ပါတီအဖြစ်သို့ ရောက်ရှိလာနိုင်ခြေရှိကာ ဘရာဇီး နိုင်ငံရေးလောကကို တစ်ဆစ်ချိုး ပြောင်းလဲစေမည်ဖြစ်သည်။
တောင်အမေရိကတိုက်တွင် စီးပွားအင်အားအကြီးဆုံး ဘရာဇီးနိုင်ငံတွင် နှစ်များစွာ စီးပွားကျဆင်းနေမှု၊ အကြမ်းဖက်မှု ထူပြောနေမှု၊ အကျင့်ပျက်ခြစားမှုများ တိုးပွားနေမှုများကြောင့် နှစ်ရှည် အာဏာရ လုပ်သားပါတီအပေါ် ပြည်သူအများ ဒေါသထွက်နေကြခြင်းသည် ပီအက်စ်အယ် ပါတီနှင့် ပီအက်စ်အယ် နိုင်ငံရေးသမားများ ယခုနှစ် ရွေးကောက်ပွဲတွင် အောင်ပွဲရစေသည့် အဓိက အကြောင်းရင်းဖြစ်သည်။
မစ္စတာ ဘိုဆိုနာရိုသည် စစ်ဗိုလ်ဟောင်းလည်းဖြစ်သလို၊ ဥပဒေ ပြင်းပြင်းထန်ထန် ကိုင်တွယ်ရေး၊ မူးယစ်ဂိုဏ်းများကို နှိမ်နင်းရေး ပြင်းထန်သည့် မှတ်ချက်စကားများကြောင့်လည်း စစ်ဘက်၏ ထောက်ခံမှုနှင့် မူးယစ်ဂိုဏ်းများဒဏ် ခံနေရသည့် ပြည်သူများ၏ ထောက်ခံမှုကို ရရှိထားသည်။ ကိုယ်ဝန်ဖျက်ချမှုကို ဆန့်ကျင်သည့် မူဝါဒကြောင့်လည်း ရှေးရိုးစွဲ ခရစ်ယာန်ဘာသာဝင်များ၏ ထောက်ခံမှုကိုလည်း ရရှိထားသူဖြစ်သည်။
မစ္စတာ ဘိုဆိုနာရိုသည် မဲဆွယ်ကာလတွင် ဓားထိုးခံရကာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သော်လည်း ပြန်လည်ကျန်းမာလာခဲ့ကာ ရွေးကောက်ပွဲဝင်ခဲ့သဖြင့် မီဒီယာများ၏ အာရုံစိုက်မှုကို ပိုမိုရရှိခဲ့သည်။ ရွေးကောက်ပွဲ မဲထည့်မှုများ ငြိမ်းငြိမ်းချမ်းချမ်းနှင့် ကျင်းပနိုင်ခဲ့ကြောင်း ဘရာဇီး ရွေးကောက်ပွဲ တာဝန်ရှိသူများက ထုတ်ပြန်ကြေညာထားသည်။

















