ကင်မရွန်း ရွေးကောက်ပွဲတွင် သမ္မတ ပေါ ဘီရာ ခုနစ်ကြိမ်မြောက်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်

ကင်မရွန်း ရွေးကောက်ပွဲတွင် သမ္မတ ပေါ ဘီရာ ခုနစ်ကြိမ်မြောက်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်

ကင်မရွန်းနိုင်ငံတွင် အောက်တိုဘာ ၇ ရက်က ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် သမ္မတ ပေါ ဘီရာသည် ခုနစ်ကြိမ်မြောက် ရာထူးသက်တမ်းအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။ ရွေးကောက်ပွဲ ရလဒ်များကို ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။

သမ္မတ ဘီရာသည် ၃၆ နှစ်တိုင်တိုင် သမ္မတ ရာထူးကို ကိုင်စွဲထားခဲ့ပြီး ယခုနှစ် ရွေးကောက်ပွဲဖြင့် နောက်ထပ် သမ္မတသက်တမ်း ခုနစ်နှစ် ထပ်မံတာဝန်ယူနိုင်ရန် ကြိုးပမ်းခြင်းဖြစ်သည်။ သမ္မတ ဘီရာသည် အာဖရိကတွင် ရာထူးသက်တမ်း ဒုတိယအရှည်ဆုံး သမ္မတအဖြစ်လည်း ရပ်တည်လျက်ရှိသည်။ သမ္မတ လုပ်ခွင့်ရှိသည့် အသက်နှင့် ရာထူး သက်တမ်း အကြိမ်ရေတို့ကို ကန့်သတ်ရန် ဆွေးနွေးမှုများ ရှိသော်လည်း ကင်မရွန်းတွင် ကြုံတွေ့နေရသည့် အခြားသော ပြဿနာများကြောင့် ထိုကိစ္စသည် မှေးမှိန်နေရဆဲဖြစ်သည်။ သမ္မတ ဘီရာသည် အသက် ၈၅ နှစ်ရှိပြီဖြစ်ပြီး နှစ်ပေါင်း သုံးဆယ်ကျော် နိုင်ငံအုပ်ချုပ်ခဲ့သည့် အတွေ့အကြုံများဖြင့် ရာထူးသက်တမ်းသစ်တွင် နိုင်ငံကို တည်ငြိမ်အောင် ဆက်လက် ဦးဆောင်သွားနိုင်မည်ဟု ထောက်ခံသူများက ပြောဆိုလျက်ရှိသည်။
    ကင်မရွန်း၏ အနောက်မြောက်ပိုင်းနှင့် အနောက်တောင်ပိုင်းရှိ အင်္ဂလိပ်စကားပြော ဒေသနှစ်ခုမှ ခွဲထွက်ရေး လှုပ်ရှားမှုများကြောင့် နိုင်ငံအတွင်း တင်းမာမှုများ မြင့်တက်လျက်ရှိသည်။ အောက်တိုဘာ ၂၀၁၆ တွင် အင်္ဂလိပ်စကားပြော ဒေသများရှိ ကျောင်းများ၊ တရားရုံးများတွင် ပြင်သစ်စာကိုပါ သင်ကြားရမည်၊ အသုံးပြုရမည်ဟု အစိုးရက သတ်မှတ်ခဲ့ခြင်းကို ကျောင်းဆရာများ၊ ရှေ့နေများက ကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။ ဆန္ဒပြမှုများသည် နိုင်ငံရေးအင်အားစု အသွင်ဆောင်လာကာ ၂၀၁၇ အောက်တိုဘာ ၁ ရက်တွင် အင်္ဂလိပ်စကားပြော ဒေသများ စုပေါင်းပြီး အမ်ဘာဇိုနီယာ နိုင်ငံတော် ထူထောင်ကြောင်း လွတ်လပ်ရေးကြေညာခဲ့ကြသည်။ 
    ခွဲထွက်ရေးလှုပ်ရှားသူများကို အစိုးရက ချေမှုန်းခဲ့သဖြင့် အရပ်သား ၄၂၀၊ စစ်သားနှင့်ရဲ ၁၇၅ ဦး သေဆုံးကာ ခွဲထွက်ရေးလက်နက်ကိုင် သေဆုံးစာရင်းကို မသိရပေ။ ထိုပဋိပက္ခကြောင့် လူ သုံးသိန်းကျော် နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း နိုင်ငံတကာ ပဋိပက္ခများဆိုင်ရာအဖွဲ့၏ စာရင်းအရ သိရသည်။