ဗြိတိန်တွင် ဖေ့စ်ဘွတ်ခ် ဆောင်ရသည့် နည်းပညာအခွန် သုံးဆမြင့်တက်လာကာ ပေါင် ၁၅ ဒသမ ၇ သန်းသို့ ရောက်ရှိ

ဗြိတိန်တွင် ဖေ့စ်ဘွတ်ခ် ဆောင်ရသည့် နည်းပညာအခွန် သုံးဆမြင့်တက်လာကာ ပေါင် ၁၅ ဒသမ ၇ သန်းသို့ ရောက်ရှိ

ဗြိတိန်တွင် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က ဖေ့စ်ဘွတ်ခ် ကုမ္ပဏီ ဆောင်ရသည့် နည်းပညာအခွန်သည် ရှေ့နှစ်ကထက် သုံးဆတက်လာကာ ပေါင်ငွေ ၁၅ ဒသမ ၇ သန်း ရှိခဲ့ကြောင်း သိရသည်။ 

ဖေ့စ်ဘွတ်ခ်သည် ၂၀၁၆ ခုနှစ်တွင် ပေါင်ငွေ ၅ ဒသမ ၁ သန်း အခွန်ဆောင်ခဲ့ရသည်။ ဗြိတိန်သည် ဆိုရှယ်မီဒီယာများအပေါ် အခွန်ကောက်ခံမှု စည်းမျဉ်းများကို ပြုပြင်ပြောင်းလဲခဲ့ပြီးနောက် အခွန်ငွေများ တိုးမြှင့်ရရှိလာခြင်း ဖြစ်သည်။ ၂၀၁၇ ခုနှစ်အတွင်း ဖေ့စ်ဘွတ်ခ်၏ ဗြိတိန်လုပ်ငန်းခွဲမှ အမြတ်ငွေသည် ရှေ့နှစ်ကထက် ပေါင်ငွေ ၄ သန်းသာ တက်လာခဲ့ပြီး ပေါင် ၅၈ ဒသမ ၄ သန်း ရရှိခဲ့ကြောင်းလည်း တွေ့ရသည်။ 
    ဖေ့စ်ဘွတ်ခ်၏ ဗြိတိန်ရုံးခွဲသည် ဖေ့စ်ဘွတ်ခ်အတွက် ဈေးကွက်မြှင့်တင်ရေး ဝန်ဆောင်မှု၊ အရောင်းနှင့် အင်ဂျင်နီယာ နည်းပညာ အထောက်အပံ့များ ပေးလျက်ရှိသည်။ ဖေ့စ်ဘွတ်ခ်၏ နှစ်စဉ်ဝင်ငွေသည် ၂၀၁၇ ခုနှစ်အတွင်း ရှေ့နှစ်ကထက် သုံးပုံတစ်ပုံ ပိုများလာကာ ပေါင်ငွေ ၁ ဒသမ ၂ ဘီလျံ ရရှိခဲ့သည်။ ၂၀၁၇ ခုနှစ်အတွင်း ကြော်ငြာလုပ်ငန်းများမှ ဝင်ငွေ တိုးတက်လာခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။ 
    ဥရောပတွင် နည်းပညာအင်အားကြီး ကုမ္ပဏီကြီးများ အခွန် ပေးဆောင်ရမှု နည်းပါးခြင်းအပေါ် ဝေဖန်မှုများ ထွက်ပေါ်ခဲ့ပြီးနောက် ယခုလို ဖေ့စ်ဘွတ်ခ် အခွန်ဆောင်မှု စာရင်း ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ နည်းပညာ အင်အားကြီးကုမ္ပဏီကြီးများသည် အရောင်းဝင်ငွေများကို အခြားနိုင်ငံများသို့ ရွှေ့ကာ ဗြိတိန်တွင် အခွန်ဆောင်ရ သက်သာအောင် ဖန်တီးနေကြကြောင်း ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိသည်။ အွန်လိုင်း ငွေပေးချေမှုလုပ်ငန်း PayPal ကလည်း ဗြိတိန်တွင် ၎င်းတို့ဆောင်ထားသည့် အခွန်ကို နောက်ထပ် ပေါင်ငွေ ၃ ဒသမ ၁ သန်း ထပ်ဆောင်းပြီး ဆောင်မည်ဟု ထုတ်ပြန်ကြေညာထားသည်။ ဖေ့စ်ဘွတ်ခ်ကလည်း ဗြိတိန်တွင် လုပ်ငန်းများ ဆက်လက်ချဲ့ထွင်သွားရန် စီစဉ်နေကြောင်း ထုတ်ပြန်ကြေညာထားသည်။ ယခုနှစ် ဇူလိုင်တွင် ဗြိတိန်၌ မြေနေရာသစ်တစ်နေရာကို ဖေ့စ်ဘွတ်ခ်က ငှားရမ်းခဲ့သည်။ 
    ၂၀၁၇ ခုနှစ်အတွင်း ဖေ့စ်ဘွတ်ခ်သည် ဗြိတိန်၌ ရှေ့နှစ်ကထက် လူ ၃၃၀ ပိုမိုခန့်ထားခဲ့ကြောင်း တွေ့ရရာ ၃၄ ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်ကြောင်း သိရသည်။