ကင်ဂျုံအွန်က နိုင်ငံတကာစစ်ဆေးရေးမှူးများကို ဝင်ခွင့်ပြုရန် အသင့်ရှိနေကြောင်း ကန်နိုင်ငံခြားရေးဝန်ကြီး ပြော

ကင်ဂျုံအွန်က နိုင်ငံတကာစစ်ဆေးရေးမှူးများကို ဝင်ခွင့်ပြုရန် အသင့်ရှိနေကြောင်း ကန်နိုင်ငံခြားရေးဝန်ကြီး ပြော

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်သည် ၄င်းနိုင်ငံမှ နျူကလီးယားနှင့် ဒုံးကျည်စမ်းသပ်စခန်းများသို့ နိုင်ငံတကာစစ်ဆေးရေးမှူးများကို ဝင်ခွင့်ပြုရန်အသင့်ရှိနေပြီဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုက ပြောဆိုလိုက်သည်။

ပြုံယမ်းသို့ အောက်တိုဘာ ၇ ရက်တွင် ခရီးတိုအဖြစ်ရောက်ရှိခဲ့သည့် မိုက်ပွမ်ပီယိုက ဆိုးလ်သို့ထွက်ခွာခဲ့ပြီး တရုတ်သို့မသွားမီ သတင်းစာရှင်းလင်းပွဲပြုလုပ်ရာ၌ မြောက်ကိုရီးယား၏ ပွန်ဂဲရီ နျူကလီးယားစမ်းသပ်စခန်းနှင့် ဒုံးပျံအင်ဂျင်စမ်းသပ်စခန်းတို့ ဖျက်သိမ်းရန် ထောက်ပံ့ပို့ဆောင်မှုများလိုအပ်ကြောင်း နှစ်ဘက်သဘောတူညီခဲ့ကြပြီး ယင်းနေရာများသို့ စစ်ဆေးရေးမှူးများ သွားရောက်နိုင်မည်ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။
    ကင်ဂျုံအွန်သည်  သမ္မတဒေါ်နယ်ထရမ့်ထံ လွန်ခဲ့သည့်လက စာတစ်စောင်ပေးပို့ထားပြီး အမေရိကန်နှင့် မြောက်ကိုရီးယားတို့သည် ဒုတိယအကြိမ်ထိပ်သီးတွေ့ဆုံပွဲအတွက် အသေးစိတ်သဘောတူညီမှုများရရှိရန် အလွန် နီးစပ်ခဲ့ကြောင်း၊ နှစ်ဘက်ခေါင်းဆောင်များသည် တိုးတက်မှုအစစ်အမှန် ပြုလုပ်နိုင်မည်ဟု ယုံကြည်ကြပြီး လာမည့် ထိပ်သီးတွေ့ဆုံပွဲတွင် ထိရောက်အောင်မြင်မှုရရှိနိုင်ကြလိမ့်မည်ဟုလည်း ပွမ်ပီယိုက ပြောဆိုခဲ့သည်။
    ပွမ်ပီယိုနှင့်အတူ လိုက်ပါခဲ့သည့် နျူကလီးယားဆိုင်ရာသံတမန်သစ် စတီဖင်ဘီဂွန်းကလည်း မြောက်ကိုရီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံခဲ့ရာတွင် ဒုတိယထိပ်သီးစည်းဝေးပွဲကျင်းပမည့်ရက်နှင့် နေရာကို အထူးပြုဆွေးနွေးခဲ့ကြကြောင်း ပြောဆိုခဲ့သည်။
    ၄င်း၏ခရီးစဉ်သည် ပြုံယမ်း၏ နျူဖျက်သိမ်းရေးအတွက် နောက်တစ်ဆင့်ကိုရှေးရှုပြီး ခြေလှမ်းများစွာ ကျန်ရှိနေကြောင်းလည်း ပွမ်ပီယိုက ဆိုးလ်တွင် တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းကို ပြောဆိုခဲ့သည်။ ယောင်ဗျုန်း ဒုံးကျည်စခန်းဖျက်သိမ်းမှုတိုးတက်ခြင်းရှိမရှိ မေးမြန်းမှုကိုမူ ပွမ်ပီယိုက မှတ်ချက်မပေးခဲ့ပေ။
    မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာကလည်း ကင်ဂျုံအွန်သည် ပွပ်ပီယိုနှင့်ဆွေးနွေးခဲ့မှုအပေါ် ချီးကျူးလိုက်ပြီး ၄င်းက နျူကင်းစင်ရေးအတွက် ကမ်းလှမ်းချက်အသေးစိတ်ကို ရှင်းပြခဲ့ကြောင်း အောက်တိုဘာ ၈ ရက်၌ ထုတ်ပြန်ခဲ့သည်။