အင်းစိန်ဗဟိုအကျဉ်းထောင်တွင် အကျဉ်းသူတစ်ဦး သေဆုံးခဲ့မှုကို အောက်တိုဘာ ၈ ရက်နေ့ တွင် သက်ဆိုင်ရာက သေမှုသေခင်းဖွင့်လှစ် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
အဆိုပါနေ့ နံနက် ၁၁ နာရီခွဲခန့်တွင် အင်းစိန်ဗဟိုအကျဉ်းထောင်တွင် အကျဉ်းကျခံနေရသူ အမျိုးသမီးသေဆုံးကြောင်းသတင်းအရ မြို့နယ်တရားသူကြီးဦညီညီထွန်းနှင့်ပူးပေါင်း အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။
သေဆုံးသူမှာ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်နေ ၄၈ နှစ်အရွယ်အမျိုးသမီးဖြစ်ပြီး လောင်းကစားဥပဒေဖြင့် စက်တင်ဘာ ၂၁ ရက်နေ့တွင် အင်းစိန်ဗဟိုအကျဉ်းထောင်သို့ ပေးပို့ချုပ်နှံထားစဉ် အောက်တိုဘာ ၇ ရက်နေ့ နံနက်ပိုင်း၌ အသက်ရှုမောကြပ်၍ သတိကောင်းစွာမရသောကြောင့် ထောင်ဆေးရုံသို့တင်ပို့ကုသစဉ် အောက်တိုဘာ ၈ ရက်နေ့ နံနက် ၈ နာရီခန့်တွင် သေဆုံးခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ်(၆၆/၁၈)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

















