ဟိုပင်မြို့နယ်တွင် လူနေထိုင်ခြင်းမရှိသည့် လယ်တဲအတွင်း မူးယစ်ဆေးဝါး ရောင်းချသူ ၂ ဦးကို သက်ဆိုင်ရာက အောက်တိုဘာ ၈ ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။
အဆိုပါနေ့ မွန်းလွဲ ၁နာရီခွဲအချိန်တွင် ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဟိုပင်မြို့ နန့်ရင်း ကျေးရွာ အရှေ့ဘက်(၂)မိုင်ခန့်အကွာ တိန်လုံကွင်းရှိ လူနေထိုင်ခြင်းမရှိသည့် လယ်တဲအတွင်း မူးယစ်ဆေး ရောင်းချနေကြောင်း သတင်းအရ သက်ဆိုင်ရာက ဝင်ရောက်ဖမ်းဆီးခဲ့သည်။
အဆိုပါ တိန်လုံကွင်းရှိ ကွင်းအမှတ်-(၂၀၂) ဦးကျော်ထွေး၏လယ်အစပ် ကန်သင်းရိုးပေါ်တွင် မောင်စီဆိုသူကိုတွေ့ရှိခဲ့ပြီး ၎င်းလွယ်ထားသောအနီရောင်ကချင်လွယ်အိတ်အတွင်း လိမ္မော်ရောင်အဖုံး ပါ အဖြူရောင်ကော်ဗူးဖြင့်ထည့်ထားသည့် ဘိန်းဖြူဟုယူဆရသောဖြူဝါကြားအမှုန့် (ဝ.၁၅)ဂရမ် ခန့်ပါ(၁)ဗူး၊ တိတ်အနီရောင်နှင့်အစိမ်းရောင်ပတ်ထားသော အဝါရောင်အဖုံးပိတ်ပါ အဖြူရောင်ကော်ဗူး ဖြင့်ထည့်ထားသော ဖြူဝါကြားအမှုန့် ဘိန်းဖြူ(ဝ.၂)ဂရမ်ခန့်ပါ(၁)ဗူး ၊ဘိန်းဖြူအမှုန့်များကပ်ငြိနေ သောလိမ္မော်ရောင်အဖုံးပိတ်ပါအဖြူရောင်ကော်ဗူး(၄)ဗူးတို့အား တွေ့ရှိဖမ်းဆီးခဲ့သည်။
၄င်းကို စစ်ဆေးချက်အရ နန်ရင်းကျေးရွာ အရှေ့ပိုင်းနေ မောင်စီ၏ညီအရင်းဖြစ်သူ အသက် (၃၈)နှစ်ရှိ ရဲအောင်(ခ)မောင်ငယ်ဆိုသူထံမှ ဝယ်ယူခဲ့ကြောင်းပေါ်ပေါက်သဖြင့် လူမနေသောလယ်တဲပျက် အတွင်း မှ ဆက်လက်ဖမ်းဆီးခဲ့သည်။ ၄င်းတို့ ၂ ဦးကို ဟိုပင်နယ်မြေရဲစခန်းက မယ(ပ)၇၃/၁၈ မူးစိတ်ပုဒ်မ-၁၆(ဂ)/၂၁ အရ အမှုဖွင့်အရေးယူထားသည်။

















