စုံစမ်းဖော်ထုတ်သတင်းသမား အမျိုးသမီးတစ်ဦး မုဒိမ်းကျင့်သတ်ဖြတ်မှု ဘူလ်ဂေးရီးယား၌ဖြစ်ပွား

စုံစမ်းဖော်ထုတ်သတင်းသမား အမျိုးသမီးတစ်ဦး မုဒိမ်းကျင့်သတ်ဖြတ်မှု ဘူလ်ဂေးရီးယား၌ဖြစ်ပွား

ဘူလ်ဂေးရီးယားနိုင်ငံ၌ စုံစမ်းဖော်ထုတ်သည့် သတင်းသမား အမျိုး သမီးတစ်ဦး မုဒိမ်းကျင့်သတ်ဖြတ်ခံခဲ့ရပြီး ယင်းအမှုကို အာဏာပိုင်များက စုံစမ်းစစ်ဆေးနေသည်။ ရူဆဲမြို့တွင်ဖြစ်ပွားခဲ့သည့် ယင်းဖြစ်ရပ်သည် ဥရောပသမဂ္ဂ (အီးယူ)အတွင်း ယခုနှစ်၌ တတိယမြောက် သတင်းသမား အသတ်ခံရမှုဖြစ်သည်။

အသက် ၃၀  အရွယ် သတင်းထောက် ဗစ်တိုရီးယား မာရီနိုဗာ၏အလောင်းကို အောက်တိုဘာ ၆ ရက်တွင် လမ်းသွားလမ်းလာ တစ်ဦးက ချုံထူထပ်သည့်တစ်နေရာ၌တွေ့ရှိခဲ့ကြောင်း၊ ပဏာမစုံစမ်းမှုအရ မုဒိမ်း ကျင့် သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ကြောင်း နိုင်ငံ ပိုင်မီဒီယာက ထုတ်ပြန်ခဲ့သည်။

မာရီနိုဗာသည် တီဗွီအင်န်ရုပ်သံ၏ သတင်း ထောက်တစ်ဦးဖြစ်ပြီး သတ်ဖြတ်မှုသည် ၎င်း၏သတင်းလုပ်ငန်းနှင့် ဆက်နွှယ်မှုရှိ မရှိ မသဲ ကွဲသေးပေ။ ၎င်းသည် အီးယူရန်ပုံငွေသုံးစွဲမှု တွင် အကျင့်ပျက်ခြစားမှုရှိကြောင်း စွပ်စွဲချက် ကို စုံစမ်းဖော်ထုတ်နေသူဖြစ်သည်။ ထို့အပြင် ၎င်းသည် ပရဟိတလုပ်ငန်းများအရေးကို အာရုံစိုက်သည့်အစီအစဉ်တစ်ခု၌လည်း ပါဝင် နေသည်။ ဂျာနယ်လစ်များအကာအကွယ် ပေးရေးကော်မတီ(စီပီဂျေ)က မာရီနိုဗာ အသတ်ခံရမှုအား ခရေစေ့တွင်းကျ ဖော်ထုတ် ပေးရန် ဘူလ်ဂေးရီးယားအာဏာပိုင်များကို တောင်းဆိုခဲ့သည်။

လွတ်လပ်ခွင့်အညွှန်းကိန်း

ဘူလ်ဂေးရီးယားသည် ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်အညွှန်းကိန်း၌ နိုင်ငံ ၁၈၀ အနက် အဆင့် ၁၁၁ တွင်ရပ်တည်နေပြီး မည်သည့် အီးယူနိုင်ငံထက်မဆို စာနယ်ဇင်းလွတ်လပ်ခွင့် နိမ့်ကျကြောင်းလည်း သိရသည်။