ဘင်္ဂလားပင်လယ်အော်မှ မုန်တိုင်းငယ် ၂၄ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ရောက်မည်

ဘင်္ဂလားပင်လယ်အော်မှ မုန်တိုင်းငယ် ၂၄ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ရောက်မည်

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် ပိုမိုအားကောင်းကာ ၂၄ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ရောက်ရှိမည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာကျော်မိုးဦးက အောက်တိုဘာ ၉ ရက်၌ ပြောသည်။ 

" ဒီနှစ်ကတော့ ဆိုင်ကလုန်းမုန်တိုင်းဖြစ်တာစောတယ် ။ မနှစ်က ဆိုင်ကလုန်းမုန်တိုင်း ဒီဇင်ဘာမှာ ဖြစ်တာပါ " ဟု ၎င်းကပြောသည်။ 

အဆိုပါ အားကောင်းသောမုန်တိုင်းငယ်(Deep Depression)၏အရှိန်ကြောင့် နောက် (၇၂)နာရီအတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ် နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ 

မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်ဖြစ်ကြောင်း ၊ မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ် ပြင်တို့တွင်(၉)ပေမှ (၁၂)ပေခန့်နှင့် မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၆)ပေမှ (၉)ပေခန့် ရှိနိုင်ကြောင်း မိုး/ဇလက ထုန်ပြန်ထားသည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့် ကြိုတင်သတိပြုနိုင်ပါရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြား မှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး