တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့ရှိ ဆော်ဒီအာရေဗျကောင်စစ်ဝန်ရုံးအတွင်း စာရွက်စာတမ်းကိစ္စလုပ်ရန် ဝင်ရောက်ခဲ့ပြီး ပျောက်ဆုံးနေသည့် ဆော်ဒီတော်ဝင်မိသားစုအားဝေဖန်သူ ဂျာနယ်လစ်သည် ကောင်စစ်ဝန်ရုံးမှ ပြန်ထွက်ခဲ့သည်ဆိုပါက သက်သေပြရန် ဆော်ဒီတို့အား တူရကီသမ္မတ ရီးဆက်တေးရစ် အာဒိုဂန်က ပြောဆိုခဲ့သည်။
မိမိကိုယ်မိမိ ပြည်ပြေးအဖြစ်ကြေညာကာ အမေရိကန်တွင်နေထိုင်ပြီး ဝါရှင်တန်ပို့စ်ဆောင်းပါးရှင်ဖြစ်သူ ဆော်ဒီဂျာနယ်လစ် ဂျမဲလ်ခါရှောဂီသည် ကောင်စစ်ဝန်ရုံးအတွင်း ဝင်ရောက်ပျောက်ကွယ်ခဲ့ကာ ၄င်းသည် သတ်ဖြတ်ခံရပြီဟု ပြောဆိုမှုများရှိနေခြင်းကို ဆော်ဒီအာဏာပိုင်များက ပြစ်တင်ရှုတ်ချခဲ့သည်။ ကောင်စစ်ဝန်ရုံးအတွင်း ဝင်ရောက်ရှာဖွေခွင့်ပြုရန် ဆော်ဒီအာဏာပိုင်များထံ တူရကီအစိုးရကတောင်းခံသင့်ကြောင်း အမေရိကန်က တောင်းဆိုခဲ့ပြီးနောက် သမ္မတအာဒိုဂမ်၏ပြောဆိုချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
ဆော်ဒီတွင် ဇနီးနှင့်ကွာရှင်းခဲ့သည့် ခါရှောဂီသည် တူရကီတွင် အမျိုးသမီးတစ်ဦးနှင့် ထပ်မံလက်ထပ်ရေးအတွက် အစ္စတန်ဘူလ်ရှိ ဆော်ဒီကောင်စစ်ဝန်ရုံးတွင် ထောက်ခံချက်တောင်းရန် အောက်တိုဘာ ၂ ရက်က ဝင်ရောက်ခဲ့ပြီးနောက် ပျောက်ကွယ်သွားခဲ့ကြောင်း ရုံးအပြင်ဘက်တွင် ကျန်ရစ်ခဲ့သည် ခါရှောဂီ၏ချစ်သူ တူရကီအမျိုးသမီးက စတင် သတင်းပေးခဲ့ခြင်း ဖြစ်သည်။
ကောင်စစ်ဝန်ရုံးထဲမှ ခါရှောဂီ ပြန်လည်ထွက်ခွာခဲ့ကြောင်း ဆော်ဒီတို့ကပြောဆိုခဲ့ရာ ယင်းသို့ပြန်လည်ထွက်ခွာသည်ဆိုပါက လုံခြုံရေးကင်မရာစသည့် မှတ်တမ်းများနှင့် သက်သေပြနိုင်ရမည်ဖြစ်ကြောင်း ဘူဒါပက်စ်၌ရောက်ရှိနေသည့် တူရကီ သမ္မတက ပြောဆိုခဲ့ခြင်းဖြစ်သည်။ ခါရှောဂီပျောက်ဆုံးမှု စုံစမ်းစစ်ဆေးမှုကို ဆော်ဒီအာဏာပိုင်များက အထောက်အကူပေးရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုက တိုက်တွန်းကြောင်း ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

















