မြို့ကြီးများသို့ ရွေ့ပြောင်းနေထိုင်ခွင့် ဗီဇာကန့်သတ်ရန် သြစတြေးလျအစိုးရ ချိန်ဆနေ

မြို့ကြီးများသို့ ရွေ့ပြောင်းနေထိုင်ခွင့် ဗီဇာကန့်သတ်ရန် သြစတြေးလျအစိုးရ ချိန်ဆနေ

သြစတြေးလျနိုင်ငံရှိ  အဓိကမြို့ကြီးနှစ်မြို့ဖြစ်သော မဲလ်ဘုန်းနှင့် ဆစ်ဒနီတွင်  လူနေထူထပ်လာခြင်းကို ထိန်းချုပ်နိုင်ရန်အတွက်  နိုင်ငံတွင်း အခြားဒေသများမှ  ရွေ့ပြောင်းများ  ထိုမြို့ကြီးများသို့ ရွေ့ပြောင်းနေထိုင်ခွင့်ကို ကန့်သတ်သွားရန်  သြစတြေးလျ အစိုးရက ချိန်ဆလျက်ရှိကြောင်း သိရသည်။

ဆစ်ဒနီနှင့် မဲလ်ဘုန်းတွင် လူနေကျပ်သိပ်လာခြင်းကို ထိန်းချုပ်ရန် ရွေ့ပြောင်းနေထိုင်ခွင့် ဗီဇာများကို ကန့်သတ်ရန်  ချိန်ဆနေကြောင်း မြို့ပြ  အခြေခံအဆောက်အအုံနှင့် လူဦးရေ ဝန်ကြီး  အလန်  တာဂီက ပြောသည်။

သြစတြေးလျသည် ကမ္ဘာ့ ပေါ်တွင်  နိုင်ငံဧရိယာနှင့်ယှဉ်လျှင် လူနေအလွန်ကျဲပါးသည့် နိုင်ငံစာရင်းတွင် ပါဝင်သော်လည်း နိုင်ငံ့လူဦးရေ ၂၅ သန်း၏   အများစုသည် မြို့ပြများတွင် စုဝေးလျက်ရှိသည်။  နိုင်ငံသား ငါးယောက်တွင် နှစ်ယောက်သည်  ဆစ်ဒနီနှင့် မဲလ်ဘုန်းတွင် နေထိုင်လျက်ရှိသည်။

သြစတြေးလျသို့ ရောက်ရှိလာသည့် ရွေ့ပြောင်းနေထိုင်သူများအနေဖြင့် သြစတြေးလျနိုင်ငံအတွင်း အခြားနေရာများတွင် ငါးနှစ်အထက် နေထိုင်ပြီးမှသာ ဆစ်ဒနီနှင့် မဲလ်ဘုန်းသို့ ရွေ့ပြောင်းခွင့်ပေးရန်  အစိုးရက ချိန်ဆနေကြောင်း သြစတြေးလျ မီဒီယာများကလည်း ဖော်ပြသည်။

စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေးအဖွဲ့ အိုအီးစီဒီ   အဖွဲ့ဝင်နိုင်ငံများထဲတွင် ကနေဒါပြီးလျှင် သြစတြေးလျသည် လူဦးရေတိုးပွားနှုန်း အမြင့်ဆုံးလည်း ဖြစ်နေသည်။  တစ်နှစ်ကို ၁ ဒသမ ၆  ရာခိုင်နှုန်း တိုးပွားလျက်ရှိသည်။ ထိုအချိန်တွင်  မဲလ်ဘုန်းတွင်  လူဦးရေတိုးနှုန်းသည် တစ်နိုင်ငံလုံး ပျမ်းမျှမှတ်ကိုကျော်ကာ ၂  ဒသမ ၇ ရာခိုင်နှုန်းထိ ရှိခဲ့သလို၊ ဆစ်ဒနီတွင်လည်း ၂ ဒသမ ၁ ရာခိုင်နှုန်းထိ ရှိခဲ့သည်။ ကွင်းစလန်းပြည်နယ် အရှေ့တောင်ဘက်ခြမ်း ဘရစ္စဘိန်းနှင့် ဂိုးလ်ကို့စ် ကမ်းခြေ ဒေသများတွင်လည်း  နေထိုင်သည့် လူဦးရေ တိုးနှုန်းသည် ၂ ဒသမ ၃ ရာခိုင်နှုန်းထိ ရှိခဲ့သည်။

ဆစ်ဒနီနှင့် မဲလ်ဘုန်း လူဦးရေ တိုးတက်မှုများ၏ အဓိက  အင်အားစုမှာ ပြည်ပမှ ရွေ့ပြောင်းလာသည့် ပညာရည်မြင့် လူတန်းစားများ၏ ၈၇  ရာခိုင်နှုန်းထိသည် ထိုမြို့နှစ်မြို့တွင် အခြေချကြခြင်းကြောင့်ဖြစ်သလို၊ ခိုလှုံသူ အားလုံးနီးပါးသည်လည်း ထိုမြို့နှစ်မြို့ကို ဦးတည်ကာ ဝင်ရောက်လာကြခြင်းကြောင့် ဖြစ်သည်။ 

သြစတြေးလျ  အစိုးရအနေဖြင့် ရွေ့ပြောင်းဝင်ရောက်မှုများကို ကန့်သတ်သောနည်းဖြင့် မြို့ပြလူဦးရေကို ထိန်းချုပ်မည့်အစား၊ မြို့ပြများတွင်  နောက်ထပ်လူများများ လက်ခံနိုင်အောင် အခြေခံအဆောက်အအုံကဏ္ဍကို မြှင့်တင်ခြင်းသည် ပိုကောင်းမွန်လိမ့်မည်ဖြစ်ကြောင်း  မဲလ်ဘုန်းအခြေစိုက် ဂရက်တန် အင်စတီကျုမှ  မြို့ပြသယ်ယူပို့ဆောင်ရေး ကျွမ်းကျင်သူ မော်ရီရွန် တာရေးက ထောက်ပြပြောကြားသည်။